ယခုည ဒီဇင်ဘာ(၁၃)ရက်ညမှာ ဖြစ်ပေါ်မယ့် ကြယ်မိုးတို့ရဲ့ဘုရင်(King of Meteor Shower)ကြယ်ကြွေခြင်း ထူးခြားဖြစ်စဉ်နဲ့အပြောင်းအလဲများ
၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၃ရက်ည (၁၄ နံနက်ခင်း)မှာတော့ ကြယ်မိုးတို့၏ဘုရင် (King of Meteor Shower) ကြယ်ကြွေခြင်းဖြစ်စဉ်များကို မေထုံရာသီ(Gemini) ထဲက ပုန္နဖုသျှူ နက္ခတ်(Punarvasu Nakshatra) အတွင်းမှာ သာမန်မျက်စိဖြင့် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ကြယ်ကြွေတယ်ဆိုတာ ကောင်းကင်မှာရှိတဲ့ကြယ်တွေ ကြွေဆင်းခြင်းမဟုတ်ပဲ အာကာသအတွင်းက ဥက္ကာခဲမှုန်များနဲ့ ကမ္ဘာ့လေထုတို့ ပွတ်တိုက်မိရာက ထွက်ပေါ်လာတဲ့ အလင်းတန်းများပဲ ဖြစ်ကြပါတယ်။
ဒီတခါကြယ်ကြွေခြင်းကိုဖြစ်စေမည့် ဥက္ကာမှုန်များကတော့ Phaethon လို့အမည်ရတဲ့ ဥက္ကာပျံရဲ့လမ်းကြောင်းက ကျကျန်ခဲ့တဲ့ အမှုန်များပဲဖြစ်ပါတယ်။ကျနော်တို့ကမ္ဘာဟာ အဆိုပါဥက္ကာပျံရဲ့လမ်းကြောင်းကို နှစ်စဉ်ဒီဇင်ဘာလ ၄ရက်မှ ၁၇ရက်အကြား ဖြတ်သန်းလေ့ရှိပြီး ၁၃ည ၁၄မနက်မှာတော့ ဥက္ကာခဲအများအပြားရှိတဲ့နေရာကို ဖြတ်သန်းပါတယ်။ထိုအခါမှာတော့ ညကောင်းကင်မှ လှပတဲ့အလင်းတန်းတွေ ထွက်ပေါ်လာကြပြီး ကြယ်ကြွေခြင်း(တစ်နည်း) ကြယ်မိုးရွာခြင်းလို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။
ညကောင်းကင်မှာ အရပ်မျက်နှာကို ဖော်ပြတဲ့အခါ ကြယ်တာရာကို ညွှန်ပြရပါတယ်။နေဟာအရှေ့အရပ်မှ အနောက်အရပ်သို့ဝင်သကဲ့သို့ ကြယ်တာရာ ရာသီများသည်လည်း သူ့နေရာနှင့်သူ အရှေ့မှအနောက်သို့ ရွေ့လျားကြပါတယ်( ကမ္ဘာလည်နေခြင်းကြောင့် ဖြစ်ပါတယ်)။မေထုံရာသီ (Gemini)ကိုတော့ ယခုလမှာ ည၇နာရီခွဲလောက်မှ နံနက်၆ နာရီ (နေမထွက်ခင်အချိန်)အထိ အရှေ့မှအနောက်သို့ ဖြတ်သန်းသွားတာကို တွေ့ရမှာပါ။မောင်ရှင်ဆိုင်းထမ်းနဲ့ ပြိဿရာသီတို့ အနီးမှာရှိပါတယ်။
ညသန်းခေါင် (၁၂နာရီ)ကျော်မှ ကြယ်ကြွေခြင်းတွေကို စမြင်ရမှာပါ။အကောင်းဆုံးအချိန်ကတော့ ည၂ နာရီအချိန်ဖြစ်ပြီး၊ မှောင်တဲ့နေရာမှကြည့်ပါက တစ်နာရီကို (၁၁၅)လုံးခန့် ကြွေဆင်းလာမည့် ကြယ်ကြွေခြင်းများကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။(မိန်ရာသီထဲရောက်နေတဲ့ လရဲ့အလင်းရောင်အနှောင့်အယှက် အနည်းငယ်ရှိနိုင်ပါတယ်)။မေထုံရာသီမှာ ထင်ရှားတဲ့အမွှာကြယ်လေး ၂လုံးရှိပါတယ်။
ပိုးလော့(Pollux)နဲ့ ကတ်စတာ(Castor)ဆိုပြီး အမည်ပေးထားပါတယ်(ဂရိဒဏ္ဍာရီမှ အမေတူဖအေကွဲ အမွှာညီအကိုဖြစ်ပါတယ်)။ဟိန္ဒူနက္ခတ္တမှ ဆင်းသက်လာတဲ့ မြန်မာ့နက္ခတ်မှာတော့ ပုန္နဖုသျှူလို့ အမည်ပေးထားပါတယ်။အဓိပ္ပါယ်ကတော့ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း၊ နောက်ပြန်လှည့်ခြင်း၊ မူလနေရာပြန်ထားခြင်း” လို့ဆိုကြပါတယ်။သန့်ဦး(အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
Be the first to comment