(၅)ရက်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ပြန်ရှာတွေ့
ပရိသတ်ကြီးတို့ရေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီဇင်ဘာလ(၁၁)ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ အသက်(၅)နှစ်အရွယ် ဇွဲဝေယံထွန်းကို ဒီကနေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့ မနက်က ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်အသိုင်းဝိုင်းကနေ သိရပါတယ်။
“အဲ့နေ့ နေ့လယ်က ကလေးက အိမ်ရှေ့မှာဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနားပတ်ဝန်းကျင်က CCTV တွေကိုကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်ပျောက်သွားတာ လမ်းဘက်တွေ ထွက်သွားတာလည်း မတွေ့လိုက်ဘူး။
ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။မသင်္ကာလို့ ဒီအိမ်ထဲ ဝင်ရှာကြည့်စမ်းပါအုံးဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို ဆောင်ခြုံထားတဲ့ အနေအထားနဲ့ တွေ့တာပါ”လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မောင်ဇွဲဝေယံထွန်းဟာ ဒီဇင်ဘာလ (၁၁)ရက်နေ့ မွန်းလွဲ၂ နာရီ၊၄၅မိနစ်အချိန် ၇၁လမ်း ၃၀×၃၁ လမ်းကြားက နေအိမ်ရှေ့မှာ ဆော့ကစားနေစဥ်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ဒီကနေ့မနက်က ပြန်လည်တွေ့ရှိခဲ့ပြီး အမှတ်၃နယ်မြေ ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Be the first to comment