အလေအလွင့်ဖြစ်တော့မဲ့ ခရမ်းချဥ်သီးတွေကို (၈)လလောက်အထားခံမယ့် ခရမ်းချဥ်သီးအနှစ်ပြုလုပ်နည်း…
လေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့ ခရမ်းချဉ်သီးတွေကို အခုလိုလေး အနှစ်လုပ်ပြီး သိမ်းထားလို့ရပါတယ်..ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု ကာကွယ်ဖို့နဲ့ အခုလို ခရမ်းချဉ်သီးတွေ ပင်ရင်းဒေသမှာ တစ်ပိသာ ၁၀၀ လောက်ပဲကားတင်ပို့ခတွေက ဈေးကြီးနဲ့ ဝယ်လိုအားက အကန့်အသတ် ဖြစ်နေချိန်မှာ နွားကျွေးပစ်ရတာတို့ စွန့်ပစ်လိုက်ရတာတို့ တွေ့နေရပါတယ်
ဒါတွေကိုဖြေရှင်းဖို့ တစ်ခုသောနည်းကတော့ value added product ပဲခေါ်ခေါ် processed food ပဲခေါ်ခေါ် ခရမ်းချဉ်ကို အနှစ်ချက်ထားတဲ့နည်းပါပဲ..လုပ်ပုံလုပ်နည်းက ဘာမှ မခက်ပါဘူး.. လုပ်ဖြစ်ကြဖို့ပဲ လိုတာပါ.. ကိုယ်တွေကွင်းဆင်းတဲ့ ရွာတွေက အမျိုးသမီးအဖွဲ့တွေကို သင်ပေးဖူးတာလေးကို အခြေခံပြီးရေးပေးပါ့မယ်
သေချာမှည့်နေတဲ့ ခရမ်းချဉ်သီး အလုံးသန့်တွေကို ရေပြောင်အောင်ဆေးပါ.. ထို့နောက်ဓားဖြင့် လေးစိပ်စိပ်ပါ..ခေါင်းညှာနားက အသားတွေ လှီးထုတ်ပြစ်ပါ.. အိုးသန့်သန့်မှာ ရေအနည်းငယ်ထည့်ပြီး မိနစ်၂၀ခန့် အသားနူးအိသွားအောင်ပြုတ်ပါ..အသားနူးသွားလျှင် အအေးခံပြီး blender နဲ့ကြိတ်ချေပါ..ထို့နောက် ဇကာသန့်သန့် (ဝါးဇကာ စတီးဇကာ ရှိတာသုံးနိုင်ပါတယ်)ဖြင့်
အနှစ်တိုက်ပါ.. အစေ့တွေ အခွံတွေဖယ်ထုတ်ခြင်းဖြင့် အနှစ်သန့်သန့်လေး ရလာပါပြီ..အဲဒီအနှစ်ထဲကို ဓာတုဆေးမထည့်ပဲ လုပ်ချင်ရင် ရှာလကာရည် နှစ်ဇွန်းလောက်ထည့်ပါ.. ရေမကျန်တဲ့အထိ အဆက်မပြတ် မီးအလောတော်လေးနဲ့ မွှေပေးနေရပါမယ်..ခရမ်းချဉ် သုံးပိသာဆို အနှစ်တစ်ပိသာတင်တဲ့အထိ ကြိုရပါမယ်..
ရေကုန်တာနဲ့အမျှ ခရမ်းချဉ်အနှစ်က အရောင်လေး လှလာပါပြီ.. ထည့်ဖို့ ဖန်ပုလင်းအလွတ်တွေကို ရေနွေးပွက်ပွက်ဆူမှာ ပြုတ်ကာ ပိုးသတ်ထားပြီး အခြောက်လုပ်ထားရပါမယ် ရလာတဲ့ ခရမ်းချဉ်သီးအနှစ် tomato paste တွေကို ပိုးသတ်ထားတဲ့ ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ထားပြီး သာမန်အခန်းအပူချိန်မှာပဲ ထားလိုက်ရင်
(၈)လအထိ လုံးဝ အနံ့၊အရသာ မပြောင်းပါ..လက်တွေ့စမ်းကြည့်ထားတာပါ..အဲလို tomato paste လုပ်ထားရင် ပြန်ရောင်းစားဖို့ဖြစ်ဖြစ် ခရမ်းချဉ်သီး ဈေးသိပ်ကြီးတဲ့ မိုးရာသီမှာ အိမ်သုံးဖို့ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်ပါပြီ။ရိတ်သိမ်းချိန်လွန် အလေအလွင့်လျှော့ချဖို့ value added လုပ်ကြစို့လို့ တိုက်တွန်း လိုက်ရပါတယ်။
Be the first to comment