မိသားစုရဲ့အဝေးမှာ အလုပ်လုပ်ရင်း အိမ်လွမ်းနာသက်သာစေဖို့ အရက်နဲ့ဖြေကာမှာ အရက်အဆိပ်သင့်ကာ သေဆုံးသွားရတဲ့ လူ(၁ဝ)ဦး
ကချင်ပြည်နယ်၊လွယ်ဂျယ်မြို့တွင် အရက်ဆိုင်တဆိုင်မှ အရက်ဝယ်သောက်မိရာက အရက်အဆိပ်သင့်ပြီး သေဆုံးသူ ၁၀ဦးထိရှိခဲ့ကြာင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။ပြီးခဲ့သည့် ဇန်နဝါရီလ (၁)ရက်နေ့တွင် လွယ်ဂျယ်မြို့၊အောင်ချမ်းသာရပ်ကွက်ရှိ တရုတ်ရိုးရာယဉ်ကျေးမှုဆိုင်ခန်းရှိ အရက်ဆိုင်ဖွင့်လှစ်ရောင်းချသူ တစ်ဦးထံမှ ဝယ်ယူလာသည့် အရက်များ သောက်သုံးမိပြီး အဆိပ်သင့်မှု ဖြစ်ပွားရာကနေ လူ၁၀ဦး သေဆုံးကာ ၂ဦး ဆေးကုသမှု ခံယူခဲ့ရတာပဲဖြစ်ပါတယ်။
ထိုအရက်များကို သောက်မိသူများဟာ ရုတ်တရက် မျက်စိအမြင်မှုန်ဝါးကာ အသက်ရှူမဝသည့် ရောဂါဝေဒနာများခံစားရပြီး လွယ်ဂျယ်မြို့၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့တာပဲ ဖြစ်သည်။လက်ရှိမှာတော့ ဆေးကုသမှုခံယူနေသူ နှစ်ဦးသည်လည်း မစိုးရိမ်ရတော့ပဲ သောက်သုံးခဲ့သည့် အရက်နမူနာများအား သက်ဆိုင်ရာဌာနများမှ ယူဆောင်သွားကြောင်း သိရပါတယ်။
“သောက်ပြီးတော့ သူတို့ခြေလက်တွေ ကွေးလာတယ်ပြောတယ် မျက်စိတွေလဲ ပြာလာတယ်ပေါ့ ပထမနေ့ ညမှာတင် ၆ယောက်သေသွားတာ သေတဲ့ထဲ ၂ ယောက်ပဲ လူလွတ်တွေလို့ကြားတယ် အရက်တွေကဗန်းမော်က ဝင်တယ်ပြောတယ် သေချာတော့မသိဘူး အဲ့တာတော့”ဆိုပြီး ဒေသခံမေတ္တာမွန် ပရဟိအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးကဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါဆိုင်မှ အရက်ဝယ်ယူထားသူများအနေဖြင့်လည်း မသောက်ဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လာရောက်အပ်နှံကြရန်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားပါတယ်။သေဆုံးခဲ့သူများဟာ ကျောက်ဆည် မြို့နယ်မှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများဖြစ်ပြီး အသက် ၂ဝကျော်နှင့် ၄ဝဝန်းကျင်ရှိသူများ ဖြစ်ကြောင်း သိရပါတယ်။
Be the first to comment