“ဦး” ဆန်က တကယ်ပေးမှာလားလို့ ငိုသံလေးနဲ့ လှမ်းမေးတဲ့ကလေးကြောင့် ရင်ထဲနင့်သွားရတယ်🥺

“ဦး” ဆန်က တကယ်ပေးမှာလားလို့ ငိုသံလေးနဲ့ လှမ်းမေးတဲ့ကလေးကြောင့် ရင်ထဲနင့်သွားရတယ်

တစ်နေကုန် တက်တက်ကြွကြွ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး ပြန်ခါနီးခဏကျမှ ကိုယ့်စိတ်တွေလေးသွားရတယ်လိုအပ်တာတွေဝေပြီးလို့ ကုန်ပြီ ပြန်ကြမယ်ဆိုမှ ကားနားကိုရောက်လာတဲ့ကလေး။ပါလာတာတွေကုန်သွားတော့ ခပ်လှမ်းလှမ်းဘက်မှာရှိတဲ့သူတို့ဘက်ကိုမရောက်နိုင်။သူတို့ဘက်ကိုကားမရောက်လာလို့ထင်ပါရဲ့ သူရောက်လာတယ်။

“ဦး ဘာတွေပေးနေတာလဲ ကျန်သေးလားတဲ့”ကားပေါ်ကြည့်လိုက်တော့ ဆန်အိတ်နည်းနည်းကျန်သေးတယ် ၆ ပြည်ဝင်အိတ်လေးတွေပေါ့။တခြား ဆီ၊ဆား၊ပဲ ဘာညာတွေပါတဲ့အထုတ်လေးတွေကကုန်ပြီ။အဲဒါ ကျန်တဲ့အကိုတွေက သူ့ပုံဝဝကစ်ကစ်ကိုကြည့်ပြီး ချစ်စနိုးနဲ့”မင်းထမ်းနိုင်လား?ထမ်းနိုင်ရင်ယူသွား”ဆိုတော့ ကိုယ့်ကိုကြည့်ပြီး “ဦး ဆန်က တကယ်ပေးမှာလား”တဲ့၊ ငိုသံပါနဲ့ လှမ်းမေးတော့ ရင်ထဲနင့်သွားတယ်။

“တကယ်ပေးမှာပေါ့ သားရဲ့ အိမ်ကဘယ်မှာလဲ?ဦးလိုက်ပို့မယ် မင်းထမ်းစရာမလိုပါဘူး”ဆိုတော့ “ရတယ် ဦး သားဖာသာပဲထမ်းမယ် နိုင်ပါတယ်တဲ့” ဘယ်လိုပြောပြောမရဘူး၊အဲ့ချိန်ကောင်မလေးတစ်ယောက်ကလည်း သူ့ကိုပေးဖို့ ခေါက်ဆွဲခြောက်ထုတ်လေးတွေကို အနီးနားကဆိုင်မှာ သွားဝယ်နေတုန်း “သား ဆန်ရရင် ရပြီ အဲ့ဒါတွေမယူတော့ဘူး”တဲ့၊ရင်က ထပ်ဆို့ရပြန်။

နေပါအုံးသားရယ်ဆိုပြီး ကိုယ်လည်းအနားက Nabati ဝေဖာထုတ်တွေဝယ်ပြီး ဆန်အိတ်နဲ့အတူထည့် ခေါက်ဆွဲခြောက်ထုတ်တွေရောကို ကြိုးချည်ပြီး လိုက်ပို့မယ်ဆိုတာကို အသံလေးတုန်တုန်နဲ့ သားဖာသာ ထမ်းပြန်မယ်၊နိုင်တယ်တဲ့ ကိုယ်လည်း ဘာမှထပ်မပြောဖြစ်တော့ ကလေးက သူကိုယ်တိုင်ထမ်းလာတဲ့ ဆန်အိတ်လေးကို မိဘက အသိအမှတ်ပြုစေချင်ပုံရတယ်ထင်လို့ ကိုယ်လည်းလက်လျှော့လိုက်ပြီး ငေးနေလိုက်တယ်။

အတော်တော်လှမ်းလှမ်းရောက်မှ ဒီကလေး ဖိနပ်မပါတာ သတိထားမိတော့တယ်။အပေါ်ကဝိတ်နဲ့ အောက်ခြေဗလာ နာနေရှာတော့မယ်လို့ စိတ်မကောင်းဖြစ်ပြီး ရင်ထဲမကောင်းပြန်။အနားမှာကလည်း ဝယ်စရာမရှိ။မနက်ဖြန်ထပ်သွားရအုံးမှာမို့ ဖိနပ်တစ်ရံတော့ ဝယ်သွားဖြစ်မယ်။ပြန်ဆုံပါစေလို့သာ ဆုတောင်းရင်း….

Be the first to comment

Leave a comment

Your email address will not be published.


*