စက်ဘီးဟောင်းလေးနဲ့ ဟင်းသီး/ရွက်လိုက်ရောင်းပြီး အဖိုးအဖွားကို လုပ်ကျွေးနေတဲ့ (၄)တန်းကျောင်းသားလေး ထက်ဘုန်းလျှံ

စက်ဘီးဟောင်းလေးနဲ့ ဟင်းသီး/ရွက်လိုက်ရောင်းပြီး အဖိုးအဖွားကို လုပ်ကျွေးနေတဲ့ (၄)တန်းကျောင်းသားလေး ထက်ဘုန်းလျှံ

သူ့နာမည်က ထက်ဘုန်းလျှံ…ဆိုင်ရှေ့သူ့စက်ဘီးကိုလာရပ်တော့ ဆိုင်ထဲက ကိုယ့်ကိုလှန်းကြည့်တယ် ဈေးထဲမှာ ပစ္စည်းဝင်ဝယ်ရမှာမို့ သူ့ဈေးခြင်းတောင်းနဲ့ စက်ဘီးကို နောက်ဆံတင်းတဲ့ အကြည့်နဲ့ ရိုရိုကျိုးကျိုးပုံလေးနဲ့လှန်းကြည့်နေတာ..အဲ့ဒါနဲ့ ကိုယ်လည်း မင်းဘာရောင်းတာလဲ မေးတော့ ဟင်းသီးဟင်းရွက်ရောင်းတာတဲ့ ရပ်ကွက်ထဲလှည့်ပြီး အခုက သူဌေးတစ်ယောက်က ပန်းဝယ်ခိုင်းလို့ ဈေးကိုလာဝယ်တာတဲ့..ကိုယ်လည်း သူ့ဆီက ဗူးရွက်ဝယ်ထားပြီး ဈေးဝယ်ပြန်လာမှ သူ့အကြောင်းစပ်စုဦးမှဆိုပြီး တေးထားလိုက်တယ်။သူပြန်လာလို့မေးကြည့်တာ့ သူ့မှာမိဘတွေမရှိတော့ဘူး။အဖိုးအဖွားနဲ့ သုံးယောက်တည်းနေတယ်။

အဖိုးအဖွားနဲ့သူအပါသုံးယောက် စိုက်ပျိုးပြီးထွက်လာတဲ့ အသီးအရွက်တွေကို သူက ခြင်းတောင်းထဲထည့် စက်ဘီးပေါ်တင်ပြီး လှည့်ရောင်းတယ်လို့ပြောတယ်။သူက လေးတန်းကျောင်းသား ကျောင်းမတက်ခင် မနက်(၆)နာရီလောက်ထပြီး ဈေးလှည့်ရောင်းပြီးမှ ကျောင်းသွားတက်တယ်။ဒီလိုနဲ့ သူ့အိမ်ကိုလိုက်သွားကြည့်ပြီး အဖိုးအဖွားတွေနဲ့ စကားပြောကြည့်တော့ သူဈေးရောင်းကျွေးနေတာ (၂)နှစ်ကျော်ပြီ။

“အစောပိုင်းက အဖိုးတို့က ဈေးမှာသွားရောင်းတယ် အရွယ်လေးကရလာတော့ မရောင်းနိုင်တော့ ဈေးမှာခူးပြီးအလုံးလိုက်သွင်းတယ် အဲလိုသွင်းတော့ နှစ်ရာရမယ့်နေရာ တစ်ရာ တစ်ဝက်ဈေးဘဲရတယ်။ဒါနဲ့ မြေးက အဖိုးတို့ရယ် စက်ဘီးလေးပဲ ဝယ်ပေးပါ သူလှည့်ရောင်းပြီး ရှာကျွေးမယ်ဆိုပြီး ဈေးစရောင်းခဲ့တာ”လို့ ထက်ဘုန်းလျှံရဲ့ အဖိုးကပြောတယ်။သူ့အဖွားဖြစ်သူကလည်း “ဈေးရောင်းဖို့ စက်ဘီးလေးကို အဟောင်းတန်းကနေ (၃)ထောင်နဲ့ဝယ်ရတယ် ခုထိဘရိတ်မပါ စမုတ်တံတွေမစုံသေးဘူး။ဘရိတ်မပါတော့ ဖိနပ်နဲ့ဖိထိန်းတော့ ဖိနပ်လည်းစားတာနဲ့ မခံနိုင်ဘူး” လို့သူ့မြေးရဲ့ စက်ဘီးလေးအကြောင်းကို ရယ်စရာမဟုတ်ပေမယ့် ပြုံးပြီး ပြုံးပြုံးနဲ့ပြောရှာတယ်။

ဒီကလေးအကြောင်းသိတဲ့ စက်ဘီးပြင်ဆိုင်တွေက စက်ဘီးအတွက်လိုတာ နိုင်သမျှကို အလကားပြင်ပေးလေ့ရှိပြီး သူ့ဖောက်သည်တွေကလည်း ဖိနပ် ကျောပိုးအိတ် စတာတွေလည်း ပေးလေ့ရှိတယ်လို့ သိရတယ်။ဈေးရောင်းလို့ ကျောင်းနောက်ကျရင် သူကဆရာမတွေ ဆူမှာစိုးတယ်တဲ့။အဲ့ဒီလိုမဆူအောင် သူ့အဖိုးနဲ့အဖွားက ဆရာမတွေဆီကို ဈေးရောင်းလို့နောက်ကျရတယ်ဆိုတာ သတင်းပို့ပြီးအကြောင်းကြားပေးထားရတယ်။ကျောင်းစာကလည်း သူက စာတစ်ပုဒ်(၂)ခေါက်လောက်ကျက်ရင် အလွတ်ရရောလို့ သူ့အဖိုးကပြောတယ်။

သူတို့နေတာက နေပြည်တော်၊ဒက္ခိဏသီရိ၊မိုးဝေ(၁၈)လမ်းထဲက (၈၀)ပါတ်လည် ဝိုင်းလွတ်ကြီးထဲမှာ ပိုင်ရှင်ကိုခွင့် တောင်းပြီး သုံးဘက်ကာ ကြမ်းစင်တဲထိုးပြီး နေကြတယ်။အဲ့ထဲမှာပဲ အသီးနှံတွေစုံနေအောင် စိုက်ထားတယ်။ရပ်ကွက်ထဲက သူ့အကြောင်းသိတဲ့ သူ့ဖောက်သည်တစ်ဦးက “ဒီကလေးကို သိတယ်လေ ကျွန်တော်တို့ နေပြည်တော် စရောက်ကတည်းကစက်ဘီးလေးနဲ့ ဈေးလာရောင်းတာ အရမ်းလိမ္မာတယ် ရိုးတယ် ကျွန်တော်တို့ဆို လိုလိုမလိုလို လာရောင်းရင် အမြဲဝယ်ဖြစ်တယ်”လို့ဆိုတယ်။

သူ့ရဲ့ရောင်းအားက တစ်နေ့ ငါးထောင်ဝန်းကျင်မျှသာရှိပြီး မြေးအဖွားသုံးယောက် တစ်နေ့တာ လုံလောက်တယ်လို့ အဖွားဖြစ်သူကပြောတယ်။သူကတော့ လောလောဆယ် စက်ဘီးက ဇတ်ကြပ်နေလို့ တွန်းတစ်လှည့် စီးတစ်လှည့်လုပ်နေရကြောင်းနဲ့ စက်ဘီးလေး ကောင်းနေစေချင်တယ်လို့ပြောပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*