လက်ပံပွင့်ခြောက်များကို ရသလောက်ဝယ်ယူနေကြတဲ့ ကုန်သည်များ

လက်ပံပွင့်ခြောက်များကို ရသလောက်ဝယ်ယူနေကြတဲ့ တရုပ်ကုန်သည်များ

ရှမ်းပြည်တောင်ပိုင်းမှ ထွက်ရှိသော လက်ပံပွင့်အခြောက်များကို တရုတ်ကုန်သည်များနှင့် အောင်ပန်းရှိ ကုန်စိမ်းပွဲရုံများက တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့်ဝယ်ယူနေကြတယ်လို့ သိရပါတယ်။လက်ပံပွင့်များမှာ ဆောင်းရာသီအကုန်တွင် စတင်ပွင့်ဖူးကြပြီး နွေဦးတွင် တစ်ပင်လုံးရဲရဲနီနေအောင် ပွင့်ကြလေ့ရှိပါတယ်။အနီရောင်နှင့် လိမ္မော်ရောင်ရှိသောလက်ပံပွင့်များကို တရုတ်ကုန်သည်များက ဝယ်ယူနေတဲ့အတွက် ဒေသခံများက အခြောက်လှန်းပြီး ရောင်းချနေကြတယ်လို့ သိရပါတယ်။

“သူတို့က နှစ်မျိူးဝယ်တယ် အပွင့်လိုက်ဝယ်တာလည်းရှိတယ် တစ်ချို့ပွဲစားက အမြုံဘဲဝယ်တယ် ပိုက်ဆံရှာရခက်ပြီး ကုန်စည်အမျိုးမျိုးစျေးတက်တဲ့ အခုချိန်မှာ သူတို့ခုလိုဝယ်တော့ တစ်ခဏတာ စားဝတ်နေရေး အဆင်ပြေ စေတာပေါ့”ဟု ဖယ်ခုံမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။လက်ပံပွင့်အခြောက်ကို ယခင်နှစ်များတွင် မဝယ်ဖူးသေးဘဲ ယခုနှစ်တွင်ထူးဆန်းစွာဝယ်ယူခြင်းကြောင့်ဒေသခံများအတွက် တစ်ခဏတာ ဝမ်းရေးအဆင်ပြေစေကြောင်း သိရပါတယ်။

လက်ပံပွင့်အခြောက်များကို ယခင်နှစ်များတွင် ပွဲစားများကလည်း ဝယ်ယူခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင်လက်ပံပွင့် အခြောက်များဝယ်ယူပေးသဖြင့် စားဝတ်နေရေးပြေလည်စေသည်ဟု ဒေသခံများက ပြောပါတယ်။လက်ပံပွင့်သည် ဆီးချို ၊သွေးတိုး မီးယပ်သမားများအတွက် ဆေးကောင်းတစ်ခွက်ဖြစ်စေပြီး ရင်သားကင်ဆာ၊ လေးဖက်နာရောဂါများအတွက် အကိုင်းနှင့်အမြစ်ကို သွေးလိမ်းပါက ရောဂါပိုးသေစေနိုင်ကြောင်းသိရပါတယ်။

လက်ပံပွင့်များမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးဒေသ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ရာသီဥတုပူသော ဒေသများတွင်အများဆုံးပွင့်ဖူးကြလေ့ ရှိပါတယ်။ ယခုကဲ့သို့ တရုတ်ကုန်သည်များက အမှိုက်လို ဖြစ်နေတဲ့ လက်ပံပွင့်တွေကို အသည်းအသန် ဝယ်ယူနေခြင်းဟာ အကြောင်း တစုံတရာ ရှိနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*