ဟေတုပစ္စယောရဲ့ တန်ခိုးတော်ကြောင့် မပုပ်မသိုးခန္ဓာကို ပိုင်ဆိုင်သွားတဲ့ ဒေါ်ဟေတုကြီးအကြောင်း

ဟေတုပစ္စယောရဲ့ တန်ခိုးတော်ကြောင့် မပုပ်မသိုးခန္ဓာကို ပိုင်ဆိုင်သွားတဲ့ ဒေါ်ဟေတုကြီးအကြောင်း

ဟိုးတုန်းကပေါ့ မိုးညှင်းဆရာတော်ကြီးကျောင်းကို ဥပုသ်စောင့်လာတဲ့အထဲက စာမတတ်ပေမတတ် ဆင်းရဲနွမ်းပါးတဲ့ အဘွားအိုကြီးတစ်ယောက်က ဆရာတော်ကြီးကို ပုတီးစိပ်နည်းသင်ပေးဖို့ လျှောက် ထားပါတယ်။ဒီတော့ဆရာတော်ကြီးက အင်း-ဒီအဘွားကြီးဟာ စာကလည်းမတတ် ဉာဏ်ကလည်းထိုင်းမယ့်ပုံဆိုတော့ ထွေထွေထူးထူး ပြောမနေတော့ပါဘူးလေ။ ဒကာမကြီး-ဟေတုပစ္စယောသာ စိပ်လို့မိန့်ကြားတော်မူလိုက်သတဲ့။

အဲဒီနေ့ကစပြီး အဘွားအိုကြီးဟာ အချိန်ရှိသမျှ ဟေတုပစ္စယော ဟေတုပစ္စယောလို့ ရွတ်တော့တာပါပဲ။ ဥပုသ်စောင့်သွားရင် ပုတီးကလေး တစ်ချောက်ချောက်နဲ့ ဟေတုပစ္စယော ဟေတုပစ္စယော။အိမ်မှာ ထမင်းချက်ရင်လည်း ဟေတုပစ္စယော…ဟေတုပစ္စယော။ဟင်းရွက်ခူးသွား ထင်းချိုးသွားလည်း ဒီဟေတုပစ္စယောပဲ ရွတ်နေပါသတဲ့။ကြာလာတော့ အဘွားအိုကြီးရဲ့ နာမည်အရင်းဟာ ပျောက်သွားပြီး ဒေါ်ဟေတု လို့တောင်မှ ခေါ်ကြပါတော့တယ်။ခေါ်တာကတော့ နောက်ပြောင်ပြီး ခေါ်တာပါ။သူများတွေ ဝိပဿနာ တရားတွေကို ရွတ်,ပြောနေကြတဲ့အချိန်မှာ..ဒီအဘွားအိုကြီးက ဟေတုပစ္စယော တစ်လုံးတည်းရွတ်နေတာဆိုတော့အထင်သေးအမြင်သေးနဲ့ ဒေါ်ဟေတု-လို့နှိမ်ပြီးတော့ ခေါ်ကြတာပါပဲ။

အဘွားအိုကလည်း ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး။ဆရာတော်ကြီး ကိုယ်တိုင်က စိပ်ခိုင်းထားတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ပဲ စိပ်နေတာပေါ့။တစ်နေ့မှာတော့ ဒေါ်ဟေတုကြီး ကွယ်လွန်သွားပါလေရော။ဒေါ်ဟေတုကြီး ကွယ်လွန်သွားတော့ ဆင်းရဲသားတစ်ကောင်ကြွက်မို့ အရပ်ကဝိုင်းပြီးတော့ သင်္ဂြိုလ်လိုက်ကြရရှာပါတယ်။ဒေါ်ဟေတုကြီး ဆုံးတဲ့အချိန်မှာ-မိုးညှင်းဆရာတော်ကြီးက မုံရွာသမ္ဗုဒ္ဓေမှာ မရှိပါဘူး။ဆရာတော်ကြီးက အောက်ပြည်အောက်ရွာမှာ တစ်ဆောင်းလုံး တစ်နွေလုံး လှည့်လည်ပြီးတော့ တရားဟောတာ ဝါဆိုခါနားနီးတော့မှပဲ ကျောင်းကို ပြန်ကြွတော်မူလာတော့တယ်။ဆရာတော်ကြီး ကျောင်းကို ပြန်ရောက်လာတော့ ဒေါ်ဟေတုကြီးဆုံးတာ နှစ်လ၊သုံးလ ကြာသွားခဲ့ပါပြီ။

ဒါပေမဲ့ ရောက်ရောက်ချင်းလည်း ဆရာတော်ကြီးကိုဘယ်သူကမှ ဒါဟေတုကြီး ဆုံးတဲ့အကြောင်းကို မလျှောက်မိကြဘူး။ဆင်းရဲနွမ်းပါးတဲ့သူ ဆိုတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ နေကြတာပါပဲ။ဆရာတော်ကြီးကလည်း သမ္ဗုဒ္ဓေဘုရားကြီး တည်တဲ့ကိစ္စ ပဋ္ဌာန်း ဝိပဿနာတရားပြတဲ့ ကိစ္စတွေနဲ့ မအားမလပ်နဲ့မို့ ဒေါ်ဟေတု ပျောက်နေတာကိုလည်း တော်တော်နဲ့ သတိမထားမိဘူးပေါ့။ဆရာတော်ကြီး သတိထားမိတဲ့ တစ်နေ့မှာ ဟဲ့-ဒေါ်ဟေတုကြီးတစ်ယောက် မမြင်ပါလား-? ဆုံးသွားတာ ကြာပေါ့ဘုရား ဆရာတော် အောက်ပိုင်းကို ကြွနေတုန်းကတည်းကပါပဲ။ဒါဆို-နင်တို့ ဘယ်လို သင်္ဂြိုလ်လိုက်ကြတုန်း-?ရွာထုံးစံ ရပ်ထုံးစံပေါ့ဘုရား၊ ဒီလိုပဲ ဝိုင်းပြီးတော့ မြေမြုပ်သင်္ဂြိုလ်လိုက်ကတာပါပဲ ဘုရား။

ဟဲ့-သူက သူတော်ကောင်းမကြီးကွယ့်၊ဒီလို မလုပ်ကောင်းဘူး ပြန်ဖော်ကြ ပြန်ဖော်ကြ…လို့ အမိန့်ရှိတော့ ဆရာတော်ကြီးအမိန့်မို့ မလွန်ဆန်ရဲတာနဲ့ ပြန်ဖော်ကြရတာပေါ့။ဒေါ်ဟေတုအလောင်းကို ပြန်ဖော်လိုက်တော့ နှစ်လကျော် သုံးလလောက်တောင် ကြာပြီ။ အရိုးတွေတောင်ဆွေးနေလောက်ပြီထင်ရတဲ့ ဒေါ်ဟေတုကြီးဟာ အကောင်မပျက် ရုပ်မပျက် မပုပ်မသိုးဘဲနဲ့ အသားအရေတွေ ဝါဝင်းလို့ အကောင်းပကတိအတိုင်း စိုစိုပြေပြေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းဖြစ်နေပါတယ်။

ဒေါ်ဟေတုအတွက် မိုးညှင်းဆရာတော်ကြီးက ဦးစီးပြီးတော့ သံဃာတော်တွေ အများကြီးပင့်ပြီး ဈာပနပွဲကို စည်စည်ကားကားနဲ့ ပြန်သင်္ဂြိုလ်ကြပါသတဲ့။ဟေတုပစ္စယော တစ်လုံးတည်း စိပ်တာနဲ့တင် သေလွန်တဲ့အခါမှာ မပုပ်မသိုး ရှိတယ်ဆိုတာဟာ လက်တွေ့ သာဓက တစ်ခုပါပဲ။ဒါကြောင့်-သူတော်ကောင်းအပေါင်းတို့လည်း ၂၄-ပစ္စည်းတာ့ ရကြမှာပါ။ဒေါ်ဟေတုထက်လည်း ဉာဏ်ကောင်းကြမှာပါ။၂၄-ပစ္စည်းကို ရွတ်ကြပါ။အသိဉာဏ်မရှိရှာတဲ့ ဒေါ်ဟေတုထက် ပိုပြီးတော့ အားထုတ်ကြပါလို့ တိုက်တွန်းရင်းနဲ့(မူရင်းတင်ပြသူကို Crd ပေးပါတယ်)။

Be the first to comment

Leave a comment

Your email address will not be published.


*