ဖုန်းလုတာမရလို့ အုတ်ခဲနဲ့ အချက်ပေါင်းများစွာ ထုသွားတာတဲ့

ဖုန်းလုတာမရလို့ အုတ်ခဲနဲ့ အချက်ပေါင်းများစွာ ထုသွားတာတဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ဘုရားငါးဆူကျေးရွာအနီးမှာ အမည်မသိ ဖုန်းလုယက်သူတွေက အမျိုးသမီးနှစ်ဦးထံမှ ဖုန်းလုယက်လို့ မရတဲ့အတွက် အုတ်ခဲနဲ့ အမျိုးသမီးနှစ်ဦးရဲ့ ခေါင်းကိုထုသွားတဲ့ဖြစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ဘေးတွဲဆိုင်ကယ်နဲ့ ဖုန်းလုယက်သူနှစ်ဦးဟာ အမျိုးသမီးနှစ်ဦးရဲ့ ဦးခေါင်းကို ဖုန်းလုလို့မရတဲ့အတွက် အုတ်ခဲနဲ့ထုပြီး ဘေးတွဲဆိုင်ကယ်မောင်းကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ဖော်ပြထားပါတယ်။

“သန်လျင်မြို့နယ်၊ဘုရားငါးဆူကျေးရွာအနီးမှာ အမည်မသိ လူနှစ်ယောက်က အမျိုးသမီးနှစ်ဦးဆီကနေ ဖုန်းလုတာ။လုတာမရလို့ဆိုပြီး အမျိုးသမီးနှစ်ဦးရဲ့ဦးခေါင်းကို အုတ်ခဲနဲ့ထုပြီး ထွက်ပြေးသွားတာ။အမျိုးသမီးနှစ်ဦးထဲက တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။

အုတ်ခဲနဲ့ အထုခံရတဲ့ အမျိုးသမီးနှစ်ဦးမှာ မခင်ရွှေရည် အသက်(၂၃)နှစ် ပြင်းထန်ဒဏ်ရာရရှိပြီး၊ မယမင်းထွန်း အသက်(၂၃)နှစ် မစိုးရိမ်ရ ဒဏ်ရာရရှိကာ သန်လျင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*