ကယ်ခွင့်ရလို့ကယ်တာတောင် အကယ်ခံမှကယ်လို့ရတယ်… ဒီစကားကိုမယုံရင် အောက်ကပို့စ်သာဖတ်ကြည့်ပါ…
လူကြမ်းသရုပ်ဆောင်ကြီး ဦးအာနိုးနှင့် ခိုလှုံရာတို့ မသက်ဆိုင်တော့ပါ…ဘဝတခုကို ကယ်တယ်ဆိုတာလေ ကယ်ခွင့်ရှိမှ ကယ်လို့ရသလို တခါတလေ ကယ်ခွင့်ရှိရင်တောင် အကယ်ခံအုံးမှ ကယ်လို့ရတာရယ်…လူကြမ်းသရုပ်ဆောင်ဟောင်း ဦးအာနိုးကြီး တယောက်သည်လဲ ကယ်ခွင့်ရှိလို့ ကယ်ဖြစ်ခဲ့တာတောင် အကယ်မခံခဲ့တဲ့ လူတစ်ယောက်ပါ သူ ပုံ့တို့ရိပ်သာမှာ ၃လတာ ခိုလှုံခဲ့ပြီးနောက် ထွက်သွားခဲ့ပါပြီ ပုံ့တို့ကတော့ စောင့်ရှောက်တယ်ဆိုပေမဲ့ အရက်ကြိုက်တတ်တဲ့ သူ့အတွက်တော့ ခိုလှုံရာဟာ အကျဉ်းထောင်တခုနဲ့ တူနေတယ်ထင်ပါတယ် ပထမ ရောက်ရောက်ချင်း သူ့ကို ဆေးတွေကုပေးတယ် ဆေးကုပြီး နဲနဲထူထူထောင်ထောင် ဖြစ်လာတော့ သူ့ကိုလှူဒါန်းလိုက်ကြတဲ့ ငွေလေးတွေကို သူသုံးချင် စားချင် ဝတ်ချင်လာတယ်…
ရိပ်သာက ကလေးတွေနဲ့ ဈေးကို လိုက်ပို့ခိုင်းတယ် သရုပ်ဆောင်ဟောင်းဆိုတော့ ဝတ်ချင်မှာပဲလေဆိုပြီး သူစိတ်ပျော်အောင် ရိပ်သာနဲ့သဟဇာတဖြစ်မယ့်ဟာလေးတွေကို ဝတ်ဖို့ခွင့်ပြုပေးခဲ့တယ် နောက်သူ့ကို လှူဒါန်းလိုက်တဲ့ ငွေလေးတွေထုတ်ပြီး သူဟိုလူ့ဆီသွားမယ် ဒီလူဆီသွားမယ်ဆိုလို့ သူ့ငွေကုန်တာနဲ့ သူ့ဘဝ အဆင်မပြေနိုင်မှာသိလို့ အမျိုးမျိုးဆွဲထားခဲ့တယ် သူများ ကုတင်တလုံးဆို သူ နှစ်လုံးဆက်အိပ်ချင်တယ်ဆိုလို့ နေရာလဲ ပိုတာနဲ့အိပ်ခိုင်းခဲ့တယ် ကိုယ်တိုင်လုပ်နိုင်သူဖြစ်ပေမဲ့ သူဖွထားတဲ့ အဝတ်အစားတွေကို ဝန်ထမ်းတွေကပဲ ရှင်းပေးခဲ့တယ် သူက အပြင်ထွက်ချင်တော့ ရိပ်သာကဂါလီနဲ့ ဈေးဝယ်မယ်ဆို သူ့ကို ဝန်ထမ်းလေးတွေနဲ့ အပ်လွှတ်ပေးတယ်…
အဲ့ကနေနောက်ပိုင်း သူက အကြောင်းအမျိုးမျိုးပြ အပြင်ထွက်ဖို့ကြိုးစားတယ်…သူပြတဲ့အကြောင်းတွေက နေမကောင်းဘူး ဆေးခန်းပြချင်တယ်ဆိုတဲ့ မဖြစ်မနေလွှတ်ရမယ့် ကိစ္စတွေဖြစ်နေတော့ ရိပ်သာကစိတ်ချရတဲ့ ဝန်ထမ်းနဲ့လွှတ်ပေးရတယ်…ဒါကို တဆင့်တက်ပြီး သူ့အကြိုက်လိုက်တဲ့ ဝန်ထမ်းနဲ့မှ သွားချင်တယ် တောင်းဆိုတယ်…ရိပ်သာကို သူဘယ်လိုမှ လိမ်ပါတ်ပြီး ထွက်လို့မရတဲ့အဆုံး…သူဒီမှာနေတာ အဆင်ပြေကြောင်း ဒါပေမဲ့ သူတနေ့ကို ဘီယာတဗူးတော့ သောက်ချင်ကြောင်း အဲ့လိုမှ မသောက်ရရင် သူထွက်သွားမယ့် အကြောင်းပြောလာတယ်…
ပုံ့တို့လဲ သူကိုတာဝန်ယူပေးတဲ့ အကိုရယ်၊သူတို့ရုပ်ရှင် လောကက အမတယောက်ရယ်နဲ့ တိုင်ပင်ပြီး သူဒုက္ခရောက်မှာစိုးလို့ ဆွဲလို့ရသမျှဆွဲထားခဲ့တယ်…နောက်ပိုင်း သူကခိုးထွက်တယ်၊ လိုက်ခေါ်ရင် ခေါ်တဲ့ လူတွေရန်လုပ်တယ်…ရိပ်သာကလိုက်ခေါ်တဲ့ ဝန်ထမ်းအမျိုးသမီးတွေကို သူက အော်ကြီးဟစ်ကျယ်တွေနဲ့ ရိုက်မယ်၊နှက်မယ်တွေလုပ်တယ်…ဝန်ထမ်းတွေက ရှက်ကြတာပေါ့…
ဘေးပါတ်ဝန်းကျင်ကို ရိပ်သာကပါ သူက စိတ်သိပ်မမှန်တော့လို့ပါလို့ အရှက်ပြေပြောရတယ်….နောက်ဆုံး ဘယ်လိုမှ တားလို့မရတဲ့အဆုံး လူကြီးတွေရှေ့ လက်မှတ်ထိုးခိုင်းပြီး သူအပ်ထားတဲ့ ပိုက်ဆံတွေစာရင်းရှင်း အကုန်သူ့ဆီအပ်ပြီး ပြန်လွှတ်လိုက်ရပါတော့တယ်…
ရိပ်သာက အဘိုး၊အဖွားတွေကို ပုဇွန်ဟင်းတနေ့စာ လှူတာကလွဲရင် ရိပ်သာက သူ့ကိုလှူဒါန်းလိုက်တဲ့ငွေကို တကျပ်မှယူမထားခဲ့ ပါ…အောက်မှာ စာရင်းရှင်းတမ်းလေးလဲ ထည့်ပေးထားပါတယ်…ကယ်ခွင့်ရတဲ့အချိန်မှာ ကယ်နိုင်သလောက် အဆုံးစွန်ထိ ကယ်ပေးခဲ့ပေမဲ့ အကယ်မခံနိုင်တဲ့အဆုံး လက်လွှတ်ပေးခဲ့ရပါတယ်…သူ့ဆီက အလှူငွေတွေ ကုန်သွားတဲ့တနေ့၊ သူ့ကို ဘယ်သူမှ လက်မခံတော့တဲ့တနေ့၊ သူ့ကိုယ်သူ မသယ်နိုင်တော့တဲ့တနေ့ ခိုလှုံရာဆီ ပြန်လာချင်သေးတယ်ဆိုရင်တော့ လက်ခံပေးမိပါအုံးမယ်…
Be the first to comment