ပူပြင်းလွန်းလို့ အမြဲမိုးခေါင်ရေရှားနေတဲ့ ရေနံချောင်းကိုအေးမြစေဖို့ တကိုယ်တော်ကြိုးစားနေသူ ကိုဒင်းဂါး
ရေနံချောင်းမြို့၊ဂျုပ္ပင်ကျေးရွာက ကိုဒင်းဂါးကို မကွေးမြို့မှာ မသိတဲ့သူအလွန်ရှားပါလိမ့်မယ်။ကိုဒင်းဂါးဟာသစ်ပင်ပန်းမန်တွေကင်းမဲ့ပြီး ကျေးငှက်သံတွေဆိတ်သုဉ်းနေတဲ့ရေနံချောင်းမြို့က တောင်ကုန်းတွေနဲ့မြို့ရှောင်လမ်းမှာ လွန်ခဲ့တဲ့ငါးနှစ်ကစလို့ အရိပ်ရပင်တွေတစ်ကိုယ်တော် စိုက်ပျိုးနေသူတစ်ယောက်ဖြစ်နေလို့ပါ။သူစိုက်ပျိုးလာတဲ့အရိပ်ရပင်တွေဟာ အခုဆိုအပင်၂၃၀၀ကျော်ရှိလာပြီဖြစ်ပြီး နောင်ငါးနှစ်အကြာမှာတော့ သစ်ပင်ကြီးတွေရဲ့အကျိုးကျေးဇူးတွေကိုရေနံချောင်းက ဒေသခံတွေနဲ့ ကျေးငှက်တွေ စတင်ခံစားရတော့မှာဖြစ်လို့ သူကပီတိဖြစ်လို့နေပါတယ်။တစ်ကိုယ်တော် သစ်ပင်စိုက်ပျိုးသူဖြစ်လာရတဲ့အကြောင်းအရင်းက မကွေးမြို့ကနေ ယခင်အလုပ်လုပ်ကိုင်ရာ ရေနံချောင်းကို ဆိုင်ကယ်နဲ့လာရတိုင်းသစ်ပင်တွေကင်းမဲ့နေတဲ့ မြို့ရှောင်လမ်းကို ဖြတ်သန်းသွားရတဲ့အခါ ပူပြင်းလှတဲ့ဒဏ်ကို ခံစားခဲ့ရလို့ပါပဲ။
၁၄ကီလိုမီတာ (ရှစ်မိုင်ကျော်)ရှည်လျားတဲ့ ရေနံချောင်း၊မြို့ရှောင်လမ်းတစ်လျောက်မှာ အရိပ်ရပင်ဆိုလို့ ထနောင်းပင် သုံးလေးပင်သာရှိပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့ငါးနှစ်ကစလို့ သူ့ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ အပင်အနည်းငယ် စိုက်ပျိုးခဲ့ရာကနေအစပြုခဲ့တာ ဖြစ်ပါတယ်။“မကွေးနဲ့ ရေနံချောင်းကို ဆိုင်ကယ်နဲ့ အသွားအပြန်လုပ်နေတော့ ဒီလမ်းပေါ်မှာ အရိပ်ရပင်လိုအပ်နေတယ်ဆိုတာ သူများတွေထက် ပိုသတိထားမိတယ်။သီးပင်စားပင်လည်းမရှိ၊သစ်ပင်လည်းမရှိတော့ နောက်ဆုံးငှက်သံတောင် မကြားရတော့ဘူး”လို့ ကိုဒင်းဂါးကပြောပါတယ်။အပင်မရှိတဲ့ တောင်ကုန်းတွေပေါ်မှာ တောအုပ်ဖြစ်လာတဲ့အထိ သစ်ပင်တွေပြုစုပျိုးထောင်ဖို့ တွန်းအားဖြစ်လာစေတာက ချောက်မြို့နယ်က အောင်မင်္ဂလာဆရာတော်ကြောင့်လည်း ဖြစ်ပါတယ်။အောင်မင်္ဂလာဆရာတော်ဟာ ပူပြင်းခြောက်ကပ်နေတဲ့ ချောက်မြို့နယ်က တောင်ကုန်းတွေကို တောအုပ်သဖွယ်စိမ်းစိုလာအောင် သစ်ပင်တွေစိုက်ပျိုးရင်း တောင်ကုန်းတွေကို ကန္တာရရဲ့ အိုအေစစ်ဖြစ်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဆရာတော်ကိုအားကျပြီး ကိုဒင်းဂါးလည်းပဲ သူ့ဇာတိဖြစ်တဲ့ ဂျုပ္ပင်ရွာကနေ သုံးကီလိုမီတာလောက်ဝေးတဲ့ ရေနံချောင်းမြို့ရှောင်လမ်းအဝင် ဗိုလ်တစ်ထောင်ဘုန်းကြီးကျောင်းတစ်ဖက်က တောင်ကုန်းတွေပေါ်မှာအရိပ်သြဝါသ ကောင်းကောင်းပေးမယ့် တမာပင်၊ညောင်ပင်၊ ညောင်ခြေထောက်၊ ကုက္ကိုပင်၊ ပိတောက်နဲ့ ဖျောက်ဆိတ်ပင်တွေကို စိုက်ပျိုးလာခဲ့တာ အခုချိန်မှာအပင်ပေါင်း၂၀၀၀ကျော်စိုက်ပျိုးပြီး ဖြစ်ပါတယ်။စစိုက်ခါစက တစ်ခါစိုက်ပျိုးလျင် ၁၀ပင်၊ ၁၅ပင်သာစိုက်ပျိုးနိုင်ခဲ့ပေမယ့် ၂၀၂၂ခုနှစ်မှာတော့ တစ်နိုင်ငံလုံးက အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ အပင်၂၀၀၀ကျော်ထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။“ပထမပိုင်းမှာတော့ အပင်ငယ်လေးတွေစိုက်တော့ ဆိတ်နဲ့နွားစားတာနဲ့ အပင်တွေမရှင်ခဲ့ဘူး။အခုနောက်ပိုင်းတော့ အတော်လေး အတွေ့အကြုံရခဲ့ပါတယ်။စိုက်တဲ့အပင်အရေအတွက်များဖို့ထက် ရှင်မယ့်အပင်ကိုပဲ ရွေးချယ်စိုက်တော့တယ်။
အလှူရှင်တစ်ယောက်က ၂၀၀၀၀ကျပ်လှူရင်၊ ကျွန်တော်က ခြောက်ပေလောက်မြင့်တဲ့ ညောင်ခြေထောက် သုံးနှစ်သားပျိုးပင်တစ်ပင် ဝယ်စိုက်လိုက်တယ်။အများကြီးစိုက်ပြီး အများကြီးသေသွားမှာထက် တစ်ပင်စိုက်ပြီး တစ်ပင်ရှင်အောင်ပဲ ကျွန်တော်ခုရာသီကစလို့ လုပ်နေပါတယ်”လို့ ကိုဒင်းဂါးက ပြောပါတယ်။အရိပ်ရပင်တွေထဲမှာ ညောင်ခြေထောက်ပင်ကို အများဆုံး စိုက်ပျိုးဖြစ်ပြီး သူ့မှာအားသာချက်တွေ အများကြီးရှိလို့ပဲ ဖြစ်ပါတယ်။လူတွေကသာမဖျက်ဆီးရင် ညောင်ခြေထောက် သက်တမ်းက နှစ်ပေါင်းရာထောင်ချီရှည်နိုင်ပြီးသစ်ပင်တွေထဲမှာ အရိပ်အကောင်းဆုံးအပင် ဖြစ်ပါတယ်။ညောင်ခြေထောက်အသီးကို ကျေးငှက်တွေကလည်း ကြိုက်နှစ်သက်ကြပါတယ်။ကိုဒင်းဂါးဟာစက်မှုလက်မှုသိပ္ပံ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သစ်ပင်စိုက်ပျိုးတာကို ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်လောက်ကတည်းက ပုပ္ပါးတောင်မကြီးနဲ့ ကျိုက်ထီးရိုးတောင်ကို တက်တဲ့အခါတိုင်း သစ်ပင်မျိုးစေ့တွေယူသွားပြီး တောင်ပေါ်ကနေကျဲချပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ကိုဒင်းဂါးဟာ မကွေးမှာနေထိုင်ပြီး အိမ်ကနေ ရေနံချောင်းကို ဆိုက်ကယ်တစ်စီးနဲ့ နေ့တိုင်းသွားပြီး အပင်တွေကို စိုက်ပျိုးပြုစုနေတာ ဖြစ်ပါတယ်။အသွားအပြန် မိုင်၈၀ခန့်ဝေးတဲ့ခရီးကို နေ့စဉ်သွားလာစိုက်ပျိုးနေတာဖြစ်ပါတယ်။ရေနံချောင်းလမ်းခရီးတလျောက် ရေချမ်းစင်၁၉လုံးခန့်ကိုလည်း အလှူရှင်တွေရဲ့အလှူငွေနဲ့ ဆောက်လုပ်နိုင်ခဲ့ပြီး ရေအိုးထဲမှာရေရှိမရှိ နေ့စဉ်စစ်ဆေးကြည့်ရှုရတာလည်း သူနှစ်သက်တဲ့ အလုပ်တစ်ခုပါပဲ။ခရီးသည်တွေအတွက် နားခိုစရာ ဇရပ်တွေကိုလည်း ဆောက်လုပ်ထားပြီး တောမီးလောင်တဲ့အခါ ဇရပ်နဲ့လွတ်အောင် ပတ်ဝန်းကျင် မြတ်ရှင်းရတဲ့အလုပ်ကိုလည်း လုပ်ကိုင်ရပါသေးတယ်။
နွားသောက်ဖို့ရေကန်၂၀ကျော်ကိုလည်း ရေမရှိတဲ့ကျေးရွာတွေမှာ တူးထားပြီး အလှူရှင်တွေရဲ့ငွေကြေးနဲ့ပဲ ရေကားဝယ်ပြီး ရေဖြည့်ပေးရပါတယ်။“ရေတစ်ခါဖြည့်ထားရင် တစ်ချို့ကန်တွေက ၁၀ရက်လောက်ခံတယ်။တစ်ချို့ကန်တွေကလည်း လေးရက်လောက်ပဲခံတယ်။နွားအကောင်များတဲ့ကန်က မြန်မြန်ကုန်တာပဲ။ကျွန်တော်ဒါတွေ လုပ်နေတဲ့အတွက် အမြဲတမ်းကုသိုလ်တွေ မြင်နေရပါတယ်”လို့ သူကပြောပါတယ်။သူစိုက်ပျိုးထားတဲ့ အပင်တွေကနောင်ငါးနှစ်ရောက်ရင် အရိပ်လည်းပေးတော့မှာဖြစ်သလို ညောင်ပင်နဲ့ မယ်ဇယ်ပင်တွေက အသီးတွေက ငှက်တွေအတွက် အစာရေစာလည်း ဖြစ်တော့မှာပါ။အဲဒီအခါကျရင် ရေနံချောင်းမြို့ခံတွေနဲ့ သားငှက်၊ တိရစ္ဆာန်တွေအတွက် စိမ်းလန်းတဲ့ဒေသသစ်တစ်ခုမွေးဖွားလာဦးမှာ ဖြစ်ပါတယ်။
Be the first to comment