ဒေါပုံမြို့နယ်မှာ ဆိုက်ကားဆရာရဲ့ လည်ပင်းကို Darrနဲ့ထိုးပြီး ဆိုက်ကားလုယက်မှုဖြစ်ပွား
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ Capital ကုန်တိုက်အနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆိုက်ကားနင်းသူ အမျိုးသား တစ်ဦးရဲ့လည်ပင်းကို Darrနဲ့ထိုးခံရပြီး ဆိုက်ကား လုယက်ခံခဲ့ရတယ်လို့ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၂၇)ရက်၊ နေ့လယ်(၁)နာရီကျော်က အသက်(၄၀)အရွယ် ဆိုက်ကားဆရာ အမျိုးသားရဲ့ လည်းပင်းကို Darrနဲ့ထိုးကာ လုယက်ခဲ့တာဖြစ်ပြီး ဆိုက်ကားကို ရပ်ကွက်အတွင်း လိုက်လံရှာဖွေပေမယ့် မတွေ့ခဲ့ဘူးလို့ သူကပြောပါတယ်။
“အကြောင်းကြားတော့ လူနာတင်ယာဉ်နဲ့ သွားခေါ်တာ။သူ့မှာ လည်ပင်းကို ဓားနဲ့ဖြတ်ထားတဲ့ ပြတ်ရှဒဏ်ရာ တစ်ချက်ရှိတယ်။ဆိုက်ကားဆရာကလည်း ဒေါပုံမြို့နယ်မှာနေတယ် ပြောတယ်။သူ့ကို သွေးတိတ်အောင်လုပ်ပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားပါတယ်။အသက်အန္တရာယ်တော့ မရှိတော့ပါဘူး”လို့ သွားရောက်ကူညီ ကယ်ဆယ်ရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ဒေါပုံမြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေ များပြားနေပြီး ယခုရက်ပိုင်းအတွင်း လုယက်မှုတွေဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဒေါပုံမြို့နယ်၊ ရန်အောင်မှတ်တိုင်မှာ ဖေဖော်ဝါရီလ (၂၄)ရက် ညပိုင်းက မောင်နှမ (၂)ယောက် ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ပိုက်ဆံအိတ် လုယက်ခံမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးက အော်ဟစ် အကူအညီတောင်းတဲ့အတွက် လုယက်သူတွေက ဓားနဲ့ထိုးခဲ့တဲ့အမှုဖြစ်ပွားခဲ့ရာ ယခုချိန်ထိ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။
Be the first to comment