ခုနှစ်ရက်သားသမီးများအတွက် (၁၃၈၅)ခုနှစ် မန္တလေးသင်္ကြန်စာ ဟောစာတမ်းကြီး…

ခုနှစ်ရက်သားသမီးများအတွက် (၁၃၈၅)ခုနှစ် မန္တလေးသင်္ကြန်စာ ဟောစာတမ်းကြီး…

ဇေယျတုသဗ္ဗမင်္ဂလံ။ တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်း ဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝဿန်နဝင်းမှသည် တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ်ပထမပါဒ်အာဒိအင်္ဂါနဝင်းထက်သို့တွက်စစ်ကောဇာနှစ်သင်္ချာကား မြန်မာသက္ကရာဇ် ၁၃၈၄-ခု နှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက်၊ခရစ်နှစ်၂၀၂၃-ခုနှစ်၊ဧပြီလ(၁၄)ရက်၊သောကြာနေ့ မြန်မာစံတော်ချိန်ညနေ့စက်(၆)နာရီ၊ (၁၂)မိနစ်(၈) စက္ကန့်အချိန် ကန်ရာသီ လဂ်၊ မကာရရာသီ စန်း၊ တနင်္ဂနွေဟောရတ်၊ သောကြာ တြင်း၊ ဗုဒ္ဓဟူးနဝင်း၊ တနင်္ဂနွေ ဒွါဒ သင်း၊အင်္ဂါတိသင်း၊ လဂ်စီနက္ခတ်(၆)လုံး အဒြနက္ခတ် တတိယ ပါဒ်၊(၁၁)ဃဋီ၊(၁ဝ)ဝိဃဋီထက်လဂ်စီးပြီး၊ကောလ၀ကရိုဏ်းနှင့်ယှဉ်လျက် တနင်္ဂနွေဂြိုဟ်မင်းသည် ခရူသင်းအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်လျက် နွားလာဥဿဘကိုစီး၍ လက်တစ်ဖက်ကား ပုဆိန်၊လက်တစ်ဖက်ကား တံစဉ်းကိုကိုင်လျက် အရှေ့တောင်ထောင့်ကသည်အနောက်သို့ဝင်၏၊ပြောက္ကာဒေဝီ နတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား အာသီအမည်ရှိသောဗြဟ္မာမင်း၏ ဦးခေါင်းကိုကမ်းသည်ရှိသော် ရဿ ကာဒေဝီနတ်သမီးကား ဆောင့်ကြောင့်ထိုင်၍ လှမ်းလင့်၏၊နန္ဒာဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊အင်္ဂါအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ထိုကြောင့် ဤနှစ်တွင်

(၇)ရက်သားသမီး တစ်နှစ်စာ ဟောစာတမ်း

တနင်္ဂနွေနေ့ဖွား သားသမီးတို့သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက်ထားကာမှ အောင်မြင်မည့်နှစ်ဖြစ်သည်။မိတ်ဆွေအပေါင်းအသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။ အပျို၊လူပျိုများ ကြံစည်ရည်ရွယ်ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ်သည်။ လွတ်လပ်သူများ မုဆိုးဖို-မများနှင့် ကြုံတွေ့ရမည်။ အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက်ပတ်သက် တတ်သည်၊ သတိထားပါ။ ပိုင်ဆိုင်ရရှိနေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။ မရွေ့ပြောင်းနိုင်သော အိုးအိမ်၊ မြေယာအသစ်များ ဝယ်ယူပိုင်ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ စည်းကမ်းနှင့်ညီညွတ်သော ကုမ္ပဏီလုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေးထူးချွန်ထက်မြက်မည်။ အတွင်းနေ၊အတူနေ ပုဂ္ဂိုလ်များ၏ သစ္စာဖောက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်း ပါသည်။ အဆုတ်အအေးမမိစေရန် ဂရုစိုက်ပါ။ယတြာ – မွေးနေ့တိုင်း ပေါင်မုန့်၅လုံး ဆွမ်းတော်ကပ်ပါ။

တနင်္လာနေ့ဖွား သားသမီးတို့သည် တစ်နှစ်လုံး မည်သည့်လုပ်ငန်းလုပ်လုပ် မဝံ့မရဲလုပ်ကိုင်နေရမည်၊ ရိုးသား ပွင့်လင်းသလောက် ပတ်ဝန်းကျင်၏ အသုံးချခံရမည်။ အိမ်ထောင်ရေးမှာလည်း မကြာခဏ စိတ်အနှောင့် အယှက်ကြုံရမည်။ လမ်းပေါ်တွင် အချိန်ကုန်နေမည်။ နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန်ထမ်းဆောင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ အတိုက်အခိုက်များစွာဖြင့် ယှဉ်ပြိုင် ရင်ဆိုင်၍ အနိုင်ရမည့်နှစ်ဖြစ်သည်။ ရှာဖွေထားသော ဥစ္စာပစ္စည်းများကို ဂရုတစိုက်ထိန်းသိမ်းပါ။ အခိုးခံရတတ်သည်။ကျောင်းသား ကျောင်းသူများ ပညာရေး အနည်းငယ်ညံ့သည်။ အတွေးအခေါ် အယူအဆ အကြံဉာဏ်သစ်များ ရရှိမည့်နှစ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း၊ အိုးအိမ်သစ် ဝယ်ယူထူထောင်ခြင်းများ အကျိုးရှိမည်။ အထက်စီးမှ မဆက်ဆံမိရန် အထူးဂရုစိုက်ပါ။ ကဆုန်လ ၊တန်ဆောင်မုန်းလများတွင် အစစအရာရာ ဂရုစိုက်နေထိုင်ပါ။ နယုန်လနှင့် နတ်တော်လများတွင် ထူးထူးခြားခြား အောင်မြင်မှုများရမည်။ ဤတစ်နှစ်လုံးတွင် မိခင်နှင့် ပတ်သက်၍လည်းကောင်း၊ ငွေကြေးသုံးစွဲရာတွင်လည်းကောင်း အထူးဂရုစိုက်လုပ်ဆောင်ရန် အရေးကြီး၏။ယတြာ – အုန်းနို့ခေါက်ဆွဲ (သို့မဟုတ်) အုန်းဆွမ်း မကြာခဏ လှူဒါန်းပါ။

အင်္ဂါနေ့ဖွား သားသမီးတို့သည် ဤတစ်နှစ်လုံး လုပ်သမျှ ကိုင်သမျှ အဆင်ပြေနေလိမ့်မည်။ကာယကံရှင်ကိုယ်တိုင် ပျင်းရိနေတတ်သည်။အိုးအိမ်နေရာ ပြောင်းရွေ့ခြင်း၊အလုပ်နေရာ ပြောင်းရွေ့ခြင်းမျာ းကြုံတွေ့ရမည်။လက် အောက်ငယ်သားများနှင့် ပတ်သက်၍ ကတိစကားလွန် သွားတတ်သည်။ ရပ်ဝေးခရီး သွားရမည်။ အပျို၊လူပျိုများ တရားဝင် မင်္ဂလာဆောင်ရလိမ့်မည်။ ဤတစ်နှစ်လုံးတွင် အာမခံမရဲပါနှင့် ဖခင်နှင့်ပတ်သက်၍ စိတ်ညစ်စရာ ကြုံရမည်။အကြီးအကဲများနှင့် ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ပညာရေးထူးချွန်မည်။ဘွဲ့ထူး၊ဂုဏ်ထူးများ ရမည့်နှစ်ဖြစ်သည်။ခရီးသွားလာရာတွင် အထူးဂရုစိုက်ပြီးမှသွားပါ။ကဆုန်လနှင့် နတ်တော်လများတွင် အကြောင်းတရားမရှိဘဲ စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။ဤနှစ်တွင် အချောင်ရသော ပိုက်ဆံ ငွေကြေး၊ တံစို့ လက်ဆောင်များကို သတိထားပြီးမှလက်ခံပါ။အမဲသားလုံးဝ မစားပါနှင့်။ယတြာ ‘အနံ့မွှေးသောပန်းမျိုးစုံ မွေးနေ့တိုင်း ဘုရားရှင်အား လှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့ဖွား သားသမီးတို့သည် ဉာဏ်ရွှင်နေလိမ့်မည်။ စကားပြောရာတွင် ဂရုတစ်စိုက်ပြောဆိုပါ။ပိုင်ဆိုင်မှုများတိုးတက်လာလိမ့်မည်။အပျို၊လူပျိုများ တရားဝင် မင်္ဂလာဆောင်ရလိမ့်မည်။ခိုးယူ ပေါင်းသင်းခြင်းကိစ္စရပ်များကို လုံးဝမပြုလုပ်သင့်ပါ။ကောင်းသောခရီး၊ မြတ်သောခရီးများ သွားရမည်။ကျန်းမာရေး တစ်နှစ်လုံးကောင်းနေလိမ့်မည်။မိုးတွင်းကာလ အအေးမမိစေရန် ဂရုစိုက်ပါ။ကိုယ်ပိုင်မြေကွက်များ ဝယ်ယူရန်ကောင်းသည်။အိုးအိမ်မြေနေရာသစ်များ ဝယ်ယူရခြင်း၊ပိုင်ဆိုင်ရခြင်းများကြုံရမည်။မိခင်ကျန်းမာရေး အနည်းငယ် ချူချာတတ်သည်။အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊လူမှုဒုက္ခပေးမှုကို ခံရမည်။စီးပွားရေးလုပ်ငန်းများတွင် စွန့်စား၍ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်ပါ။ ပြုလုပ်ခဲ့လျှင်လည်း ဆုံးရှုံးမည်။ယတြာ- အုန်းသီး ပေါင်မုန့်(၆)ခု မွေးနေ့တိုင်း ဆွမ်းလောင်းပါ။

ကြာသပတေးနေ့ဖွား သားသမီးတို့သည် ဤတစ်နှစ်လုံး ပညာရေး ထူးချွန်မည်။ကောင်းသတင်းကျော်ဇောလိမ့်မည်။နှစ်လယ်ပိုင်းတွင် ရည်ရွယ်ချက်ပျောက်၊ လမ်းပျောက်မှုများ ဖြစ်ပွားမည်။မည်သည့်ကိစ္စကိုမှ အလောတစ်ကြီး မဆုံးဖြတ်သင့်ပါ။စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းအသစ်များကိုသာ ဇောက်ချလုပ်ကိုင်ပါ။မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သော မိတ်ဆွေအသစ်များတွေ့မည်။ဤနှစ်တွင် စပ်တူရှယ်ယာ လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ခရီးသွားစရာရှိလျှင်လည်း အပေါင်းအဖော်များနှင့် မသွားသင့်ပါ။တစ်ကိုယ်တည်း သွားသင့်သည်။ပျော်ပါးရသောကိစ္စများ လုံးဝ မလုပ်သင့်ပါ။အပေါင်းအသင်းမိတ်ဆွေများကလည်း မိမိ၏ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။ ဤနှစ်တွင် နာမည်တစ်ဟုန်တိုး တိုးတက်မှုကို ဂရုစိုက်ပါ။ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ် သင့်ပါ။ယတြာ – ခရီးသွားမည့် ပုဂ္ဂိုလ်များအား လမ်းစရိတ် မကြာခဏလှူဒါန်းပါ။

သောကြာနေ့ဖွား သားသမီးတို့သည် ဤနှစ်တစ်နှစ်လုံးတွင် မည်သည့်ကိစ္စလုပ်လုပ် ထပ်ကာထပ်ကာ ပြုလုပ်ရမည့်နှစ်ဖြစ်သည်။လူမှုရေးပြဿနာများကို တတ်နိုင်သမျှရှောင်ရှားပါ။အောက်လက်ငယ်သားများနှင့် ပတ်သက်ပြီး အာမခံရမည့်အလုပ်များ ပြုလုပ်သင့်ပါ။မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ ဂရုစိုက်၍ ရှောင်ရှားပါ။ပညာရေးတွင်လည်း တိုးလိုတန်းလန်း ဖြစ်တတ်သည်။အပျို၊လူပျို များ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။အမျိုးသမီးများ သွေးသားနှင့်ပတ်သက်သောရောဂါများ ဖြစ်မည်။လူမျိုးခြားများနှင့် ပတ်သက်ပြီး အာမခံ မရဲသင့်ပါ။နတ်တော်လ နောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေတိုးတက် ရရှိလိမ့်မည်။ဩဇာအာဏာ တိုးပွားလိမ့်မည်။ယတြာ_မွေးနေ့တိုင်း သံဃာတော်များကို နို့ထမင်းလှူပါ။

စနေနေ့ဖွား သားသမီးတို့သည် တစ်နှစ်လုံး အလုပ်ဖိစီးမှုဒဏ်ခံရမည်။ကျက်စာကို စိတ်မဝင်စားဘဲ တွက်စာကို လုပ်နေရင်း အချိန်ကုန်နေလိမ့်မည်။ဝင်သမျှငွေ မမြဲဘဲ အကြွေးတင်နေမည်။ဝင်ငွေ၊ထွက်ငွေ မမျှမတဖြစ်လိမ့်မည်။ဝါခေါင်လဆန်းပိုင်းမှစပြီး အညံ့များပြေပျောက်၍ အကောင်းဘက်သို့ ဦးတည်လာလိမ့်မည်။ ကောင်းသတင်း ကျော်ဇောလိမ့်မည်။ဩဇာအာဏာတိုးတက်မည်။မရနိုင် မဖြစ်နိုင်သော ကိစ္စရပ်များကို ဇွတ်ဖန်တီး၍ မယူပါနှင့်၊ပြာသို၊တပို့တွဲလများတွင် စစ်ဆေးမေးမြန်း ခံရတတ်သည်။နိုင်ငံရေးနှင့်ပတ်သက်ပြီး ပါးစပ် စည်းကမ်းရှိသင့်ပါသည်။ယတြာ – မကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေရန် ရှောက်လုံးယိုမကြာခဏ စားသောက်လှူဒါန်းပေးပါ။#ဇော်သစ်

ဆရာကြီးမင်းသူရ ဗေဒင်နှင့်လက္ခဏာ မန္တလေးမြို့

Be the first to comment

Leave a comment

Your email address will not be published.


*