“သား ဒီတစ်ကျောရှာပြီးရင် ပြန်လာတော့မှာ အမေရဲ့”…
မိုးကမသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည်။ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲသွားရမှာ စိတ်လေးနေမိသည်။အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည်။ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကိုငဲ့ကာ ကျောင်းထွက်ပြီး မှော်ထဲ အရင်ရောက်နှင့်သူ။ခုတော့ဆေးသမား ဖြစ်နေရှာပြီလေ။မှော်ထဲက မသွားလို့မဖြစ် ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်ကရှိသေးသည်။covide ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်းနေတာ ကျွန်တော်သိသည်။ခုရက်ပိုင်း ကျောက်ကောင်းတွေကရနေတော့ လက်လွတ်မခံချင်။ကော်ဖီမစ်တစ်ခွက်သောက်ပြီးသွားမည်ဟု ဆုံးဖြတ်လိုက်သည်။“ဂွမ်း”ရုတ်တရက်ဆိုသလိုပဲ ကျွန်တော် ကော်ဖီမစ်ခွက်လေး မတော်တဆ ကျကွဲသွားသည်။စိတ်လေးနေရတဲ့ကြားထဲ ခွက်လေးကွဲသွားတော့ အိမ်ကမိသားစုတွက် စိတ်ပူမိ၏။အမေနေမှ ကောင်းရဲ့လား။
ဖုန်းနံပါတ်တွေစီသို့ လက်ကလေး အလိုလိုရောက်မိသား ဖြစ်သွားသည်။”ဟဲလို အမေ သား အမေနေကောင်းလား”အမေက နေကောင်းကြောင်း သားတို့ ညီအကို နှစ်ယောက် အမြန်ပြန်လာဖို့အကြောင်းနဲ့ ဗေဒင်မေးကြည့်တာ…သားဇာတာမကောင်းကြောင်း ရွာမှာမရှိ… ရှိတာလုပ်စားမယ့်အကြောင်း တတွတ်တွတ်မှာသည်။” သား ဒီတစ်ကျောရှာပြီးရင် ပြန်လာမှာ အမေရဲ့ ဘာမှ စိတ်မပူနဲ့နော် အမေ သားကော ကိုကြီးကော အတူတူ ပြန်လာမှာ“အမေက ငိုနေသည်။အမေနဲ့ ဆက်ပြောနိုင်စွမ်းမရှိတာနဲ့ ညီလေးနဲ့ ညီမလေးကို ဖုန်းပေးခိုင်းလိုက်သည်။ညီလေးက ဂိမ်းကစားဖို့ ဖုန်းဝယ်ပေးဖို့နှင့် ညီမလေးက စက်ဘီးပူစာသည်။ကိုကြီးပြန်လာရင် ဝယ်ပေးမယ်ဆိုတဲ့အကြောင်းပြောပြီး၊ ညီလေး၊ညီမလေးအား အာဘွားပေးခဲ့သေးသည်။အိပ်ယာထဲမှ ကိုကြီးကို ” ကိုကြီး ညီလေး မှော်ထဲသွားတော့မယ်နော်”ကိုကြီးက ညီလေးနားပါဦးလားဆိုပြီး လှမ်းပြောသေးသည်။နားမရဘူး ကိုကြီးရေ ဒီရက်ပိုင်း ကျောက်ကောင်းတွေ ထွက်နေပြီလေ။ဒီတစ်ကျောရှာပြီးရင် ညီလေးကော ကိုကြီးကော အတူတူပြန်နားကြမယ်လို့ စိတ်ထဲက ပြောမိသည်။
!အော် ချစ်သူစီ စာပို့ရအုံးမယ် မောနင်းပါချစ်။အကို မှော်ထဲသွားတော့မယ်နော်။ကြည့်စမ်း ကောင်မလေး ခုထိမနိုးသေးဘူး။အိပ်ပုတ် ကျွန်တော်က ကျွန်တော့်ကောင်မလေးကို အရမ်းချစ်တာ သူကလဲ ကျွန်တော့်ကို ချစ်တယ်။”သူငယ်ချင်းရေ သွားရအောင်”သူငယ်ချင်းအားအော်ခေါ်ရင်း သူငယ်ချင်းနှစ်ယောက်အတူ ထွက်ခဲ့သည်။မှော်ထဲရောက်တော့ ကျွန်တော်တို့ နောက်ကျနေပြီ။ဒီနေရာက ကျောက်လဲရ ကျောက်ကောင်းလဲထွက်ဆိုတော့ အောက်ထဲမှာတင် လူနှစ်ရာကျော်လောက် ရောက်နှင့်နေပြီ။မိုးကလဲ ရွာကောင်းတုန်း။သူငယ်ချင်းနှစ်ယောက် အိမ်မက်ကိုယ်စီဖြင့် တွင်းထဲသို့ဆင်းရှာတုန်း ထိုအချိန်တွင်…”ပြေးဟေ့! ပြေး ပြေး”ဆိုတဲ့အသံ သဲ့သဲ့ကြားလိုက်မိသည်။
”ဟေး အားဒီ ဒီနေ့ကျောက်တွေ အများကြီးရတယ်ဟ” လို့သူငယ်ချင်းကို အော်ပြောမိသည်။ သူငယ်ချင်းကလဲ သူလဲရကြောင်း လက်မထောင် ပြသည်။မှော်ထဲက လူနှစ်ရာကျော် အကုန်လုံးအပြုံးလေးတွေ ကိုယ်စီဖြင့်။သူငယ်ချင်း အားဒီက လှမ်းအော်သေးသည်။ ”ငါတို့ လော်ပန်းဖြစ်ပြီကွ”လို့ကျွန်တော်လဲ ဒါလေးက အမေ့တွက် ကျောက်စိမ်းလက်ကောက်လေး ဒါလေးက ချစ်သူတွက် လည်ဆွဲသီးလေးဆိုပြီး သက်သက်ဖယ်ထားပြီး အရမ်းပျော်နေမိပြီ။ရသင့်သလောက်လဲ ရပြီးပီမို့ သူငယ်ချင်းအားခေါ်ကာ ပြန်ခဲ့ကြပြီ။မိုးက မသည်းပေမယ့် တစ်စိမ့်စိမ့် ကျတုန်း၊ရှေ့မှာ ငိုသံသဲ့သဲ့ ကြားနေရသည်။အနားနီးလာတော့ ငိုသံကို ပီပြင်စွာကြားလာရသည်။ငိုသံက ကိုကြီးငိုသံ ကိုကြီးငိုသံ ကျွန်တော် ကိုကြီးအား စိတ်ပူစွာဖြင့် အပြေးအလွှားသွားမိ၏။
ကိုကြီးသည် ရုပ်အလောင်းတစ်ခုအားး ဖတ်ငိုနေသည်။ဘေးမှာ သူငယ်ချင်း အားဒီရဲ့ရုပ်အလောင်းး။သေသေချာချာ ကြည့်လိုက်တော့…ကိုကြီး ဖတ်ထားသည်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ဖြစ်နေသည်။”အာ! ဘာတွေလဲ ဘာတွေလဲ”သူငယ်ချင်း အားဒီက ကျွန်တော့လက်ကလေး ဆုတ်ကာလာပြောသည်။”ငါတို့ ပါသွားပြီ”တဲ့။ကျွန်တော် အသံမထွက်နိုင်အောင်ပင် အလွန်ဝမ်းနည်းသွားမိ၏ ဒူးထောက်ကာ ရှိုက်ကြီးတငင်ငိုနေမိသည်။ကျွန်တော့်ရဲ့ လောပန်းလောင်း အိမ်မက်တွေ ဘယ်ရောက်ကုန်ပြီလဲ။ဒါဆို….ဒီကျောက်စိမ်းတွေက ငါတို့ အရိုးတွေပေါ့။ငါတို့ အရိုးတွေပေါ့။ကျွန်တော် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ ကျောက်စိမ်းတုန်းတွေကို ဦးတည်ရာမဲ့ လွင့်ပစ်နေမိသည်။
“ဒါ ကျောက်စိမ်းတွေမဟုတ်ဘူး အရိုးတွေ အရိုးတွေ”ဟု ပါးစပ်ကလဲ ပြောမိသေးသည်။လွင့်ပစ်သည့် ကျောက်စိမ်းတုန်းတွေထဲမှာတော့ အမေတွက် လက်ကောက်လုပ်ပေးရန်နှင့် ချစ်သူတွက် လည်ဆွဲသီးလေးမပါ။ကိုကြီး ကျွန်တော့ရုပ်အလောင်း ဖတ်ကာငိုတုန်း။အန္တယ်ရာယ်များမှန်းသိရဲ့နဲ့ ဘာလို့လိုက်လာတာလဲ ညီလေးရယ်တဲ့။ညီလေး ကိုကြီးနောက် လိုက်လာလို့ ဒီလိုဖြစ်ရတာတဲ့ ကျွန်တော် ကိုကြီးဘေးနား ဒူးထောက်ထိုင်ချလိုက်သည်။ကိုကြီးရယ်…သေမင်းနဲ့နီးမှန်းသိပေမယ့်အိမ်မက်နဲ့လဲနီးတာမို့ ညီလေး ဒီလမ်းကို ရွေးခြယ်မိတာပါ။စွန့်ပစ်မြေဇာပုံဆိုတာ မပြိုလဲအောင်ထိန်းထားရတဲ့အသက်ငင်နေတဲ့ တောင်တစ်တောင်ဆိုတာ ညီလေးသိပါတယ်။
ရေမဆေး ကျောက်တစ်တုံးဟာ အရိုးယောင်ဆောင်ထားတဲ့ အသားတုံးတစ်တုံး ဖြစ်နိုင်တယ်ဆိုတဲ့ ရေမဆေးသမားတွေရဲ့ မျှော်လင့်ချက်နဲ့ ညီလေးလာခဲ့တာပါ။အမှိုက်ပုံပေါ်က ခွေးတွေဟာစားကြွင်းစားကျန်ရှာရသလို မြေဇာပုံပေါ်က ညီလေးတို့ဘဝဟာလည်း ကျောက်ကြွင်းကျောက်ကျန် ရှာရမှာပဲအကို။သေမင်းနဲ့ နီးပေမယ့် အိမ်မက်နဲ့လဲနီးတာမို့ ညီလေး ဒီလမ်းကိုရွေးခဲ့မိတာပါ ကိုကြီးရယ်။ကိုကြီးဘေးမှာ ဒူးထောက်ပြီး၊ကျွန်တော် ပြောနေမိသည် ဒါပေမယ့် …ကျွန်တော်ပြောတာတွေ ကိုကြီး မကြားနိုင်တော့ပါ။ကျွန်တော့်ရုပ်အလောင်းဘေးမှ အန်တီကြီးက သူ့ သား အလောင်းအားပွေ့ဖတ်ကာ”သား အဖေကောင်း အမေကောင်းရှာနော် သား အဖေကောင်း အမေကောင်း ရှာနော် နောင်ဘဝ အမေတို့ဆီပြန်မလာနဲ့တော့နော်”တဲ့။ကျွန်တော် အလွန်ဝမ်းနည်းသွားမိသည်။
အမေ့ကိုလဲ သတိရမိသွားသည်။အမေ..သား သတင်းကြားရင် အမေ မငိုနဲ့နော်။လယ်တွေသိမ်းလို့ဆန္ဒပြရင်း ထောင်ထဲရောက်နေတဲ့ အဖေ့ကိုလဲ ပြောပေးပါ။သား သတိရပါတယ်လို့။သားကို ဒီအရွယ်ထိ ပြုစုပြိုးထောင်ပေးတဲ့အဖေအမေတို့ ကျေးဇူးကိုမမေ့ပါဘူး သားပြန်လာခဲ့ မယ်နော် အမေ။သားကို မနှင်ပါနဲ့နော် နော် အမေနော်သားပြောတာတွေ အမေကြားနိုင်ပါစေနော်။ကျွန်တော် ဘယ်လောက်ကြာကြာ ငိုနေမိမှန်းမသိ။သူငယ်ချင်းက ပခုံးလေးလာပုတ်မှ သတိရမိသည်။အခုတော့ လွမ်းရေးထက် ဝမ်းရေးခတ်မို့ ချစ်သူနဲ့လဲ ဘဝခြားခဲ့ပြီ။တောင်တန်းတွေလည်း ပျောက်ခဲ့ပြီ ဥရုချောင်းကြီးလည်း နှောက်ခဲ့ပြီ စမ်းချောင်းတွေလည်း ပျောက်ကုန် ပြီလေ။သေဘေးကို ခြေဖျားမှာထား ရေမဆေးရှာစားနေရတဲ့ ဘဝတွေ ခဗျားတို့ကတော့ ရေခြားမြေခြား အနေခြားတဲ့ ကောင်တွေနဲ့ ဝေစားနေကြတာ၊လိုခြင်တာဘဲသိပြီ..ပေးရကောင်းမှန်းမသိတဲ့ လူတစ်စုကြောင့် တောင်တန်းတွေလည်း ရေကန်ဖြစ်ကုန်ပါပီလေ၊
မထူးတော့ပါဘူး…တနေ့တော့ ထူးခြားရမှာပါလေ ဆိုတဲ့ ရေမဆေးတွေဘဲ မြေစာပင် ဖြစ်ခဲ့ရလေပြီ။ကျွန်တော်တို့ ရုပ်အလောင်းများကို ကူညီကယ်ဆယ်ပေးသော မြန်မာနိုင်ငံ မီးသက်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့အစည်းများ၊ဘဝတူ ရေမဆေးသမားများကို ကျေးဇူးအထူးတင်ပါတယ်လို့ တမလွန်ကနေ ပြောပါရစေ။ဘယ်အချိန်ထိ တွေဝေနေမိမှန်းမသိ။သူငယ်ချင်း က ပုံးခုံးလေးလာဖတ်ပြီး ပြောမှသတိရမိသည်။ငါ့တို့တွေ ကိုယ့်အရိုးကိုယ်ပြန်တူးနေတဲ့ ဘဝကြီးကနေ လွတ်ခဲ့တာပေါ့ကွာတဲ့။ကျွန်တော် ရှိုက်သံတစ်ချက် ထွက်လာမိသည်။”ဟုတ်တယ် ငါ ကို့အရိုး ကိုယ်ပြန်တူးတဲ့ ဘဝကလွတ်ခဲ့တာ ကိုယ့်အရိုးကိုယ်ပြန်တူးတဲ့ ဘဝကလွတ်ခဲ့တာဟေ့”လို့ ဖားကန့်တခွင်လုံးကြား အောင် အော်လိုက်မိသည်။စိတ်မကောင်းခြင်းများစွာနဲ့ပါ ညီလေးတို့ရေ ကောင်းရာဘုံဘဝရောက်ပါစေ။
Be the first to comment