လှိုင်သာယာမှာဖြစ်ပြန်ပြီ ဖုန်းလုတာမပေးလို့ဆိုပြီး ကောင်မလေးရဲ့ခေါင်းကို…
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရိုးလေးအနီး၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ လမ်းလျှောက်လာတဲ့ လူငယ်၂ ဦးကို ဆိုင်ကယ်စီး အမျိုးသား၂ ဦးက ဖုန်းလုယက်ရာ မပေးတဲ့ အမျိုးသမီးငယ်ရဲ့ ခေါင်းကိုဓားနဲ့ ခုတ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့သူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
မနေ့ မတ်လ(၅)ရက်၊ နေ့လယ်(၁၂)နာရီကျော်က ဖြစ်ပွားခဲ့တဲ့ လုယက်မှုမှာ ဓားခုတ်ခံရတဲ့ အမျိုးသမီးကို လှိုင်သာယာဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။”ကောင်လေးနဲ့ ကောင်မလေး(၂)ယောက်က လမ်းလျှောက်ပြီး လာကြတာ။လုတဲ့(၂)ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ဖုန်းတောင်းတယ်။ကောင်လေးကတော့ ဖုန်းပေးလိုက်တယ်။
ကောင်မလေးက ဖုန်းမပေးတော့ ခေါင်းကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတယ်။ခေါင်းကို တော်တော်ထိသွားတယ်။ကျွန်တော်တို့ရောက်တော့ ခေါင်းကသွေးတွေ ပန်းထွက်နေတာ။သွေးတိတ်အောင်လုပ်ပြီး ဆေးရုံကို အမြန်ရောက်အောင် ပို့ပေးခဲ့တယ်။ဆေးရုံရောက်တဲ့အထိတော့ သတိကောင်းကောင်းရှိတယ်”လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဖုန်းလုခံရသူ(၂)ဦးဟာ လှိုင်သာယာ (၂၂)ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး လုယက်မှုကျူးလွန်တဲ့ အမျိုးသား(၂)ယောက်နောက်ကို လိုက်လံဖမ်းဆီးပေမယ့် လူနာသွေးထွက်လွန်နေတဲ့ အတွက် လူနာကိုဦးစားပေးပြီး ဆေးရုံပို့ပေးခဲ့လို့ လုယက်သူ(၂)ယောက်ကို ဖမ်းဆီးရမိခဲ့တာ မရှိဘူးလို့ သူကပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း နေ့စဉ် လုယက်မှုတွေရှိနေရာ ဓားထိုး လုယက်တတ်သလို အက်စစ်နဲ့ပက်ပြီး လုယက်မှု ကျူးလွန်တာတွေဖြစ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Be the first to comment