ရခိုင်ပြည်နယ်တွင် အရက်မူးပြီး မိမိနေအိမ်ကိုမီးရှို့ရာမှ မီးမထိန်းနိုင်ဖြစ်ပြီး…
ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်စံပြကျေးရွာတွင် မတ်လ၉ရက်နေ့ နေလယ်ပိုင်းက အရက်မူးပြီး မိမိနေအိမ်ကိုမီးရှို့ရာမှ နေအိမ်၃ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်များမှာ ရွာမလမ်းရှိ ဦးခင်မောင်၊ ဦးဘရွှေနှင့် ကိုကျော်ဆန်းလှိုင်တို့၏ နေအိမ်တို့ဖြစ်ကြပြီး ဦးခင်မောင်၏ သားဖြစ်သူ ကိုနိုင်နိုင်ချေက အရက်မူး၍ အိမ်ကိုမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှုး ဦးကျော်စောက Western News ကိုပြောသည်။
“မီးလောင်မှုဖြစ်တာကတော့ အိမ်၃ဆောင်ပါသွားတယ်။မီးကတာ့ ရှို့မီးပါ။နိုင်နိုင်ချေဆိုတဲ့သူက အရက်မူးပြီးတော့ သူ့အိမ်ကို မီးရှို့တာ အဲဒါမှာ ဘေးကအိမ်၂ဆောင်ပါ ကူးစက်ပြီး လောင်ကျွမ်းသွားတာဖြစ်တယ်။နေပူကပြင်းတော့ မီးက ကူးစက်လွယ်တယ်။တိုက်အိမ်၁ဆောင်နဲ့ ပျဉ်အိမ်၂ဆောင် လောင်ကျွမ်းသွားတာ” ဟုပြောသည်။
အရက်မူး၍ မီးရှို့သူတစ်ဦးဖြစ်သည့် နိုင်နိုင်ချေကို ရက္ခိုင့်တပ်တော်၏ နယ်မြေရုံးက ဖမ်းဆီးထိန်းသိမ်းထားပြီ မီးလောင်ဆုံးရှုံးသွားသည့် တန်ဖိုးမှာ ကျပ်သိန်း၃ဝဝခန့်ရှိနိုင်ကြောင်း အုပ်ချုပ်ရေးမှုး ဦး ကျော်စောက ဆက်လက်ပြောသည်။
“ဆုံးရှုံးမှု ကာလတန်ဖိုးကတော့ သိန်း၃ဝဝကျော်လောက်ရှိတယ်။မီးကတော့ ၁နာရီကျော်လောက်မှာ ရွာသားတွေက ဝိုင်းဝန်ပြီး ငြိမ်းသတ်လိုက်ကြတယ်။အရက်မူးပြီး မီးရှို့ခဲ့တဲ့ နိုင်နိုင်ချေကိုတော့ ရက္ခိုင့်တပ်တော်ရဲ့ နယ်မြေရုံးက ဖမ်းဆီးထိန်းသိမ်းထားပြီ”ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ၄ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းတွင် စက်သုံးဆီသိုလှောင်သည့် ကုတင်တစ်ခုမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ရခိုင်တွင် ယခု၂ဝ၂၃ခုနှစ်၊ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း မီးလောင်မှုအကြိမ်ရေ ၂ဝကျော်အထိရှိခဲ့ပြီး မတ်လအတွင်းလည်း မီးလောင်မှု မြင့်တက်လာကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ အချက်လက်များအရ သိရသည်။
အဆိုပါ မီးလောင်မှုများကြောင့် ပုဏ္ဏားကျွန်းက ရဟန်းတပါး၊ကျောက်တော်မြို့နယ်က အမျိုးသားတစ်ဦးနှင့် မာက်ဦးမြို့နယ်က အဘွားအိုတစ်ဦး သေဆုံးမှုရှိခဲ့သည်။၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရခိုင်ပြည်နယ်တွင် စုစုပေါင်း (၇၃)ကြိမ် ဖြစ်ပွားခဲ့သည်။ရခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း မီးလောင်ဆုံးရှုံးမှုမှာ စစ်တွေမြို့နယ်နှင့် မောင်တောမြို့နယ်အများဆုံးဖြစ်ပြီး စုစုပေါင်းအကြိမ်ရေ ၇၃ကြိမ်ခန့်ရှိခဲ့သည်။
ယင်းအပြင် အဆောက်အဦး ၄၇၃ကြိမ်၊ ဂိုတောင်၄လုံး သေဆုံးသူ ၁ဦး၊ ဒဏ်ရာရသူ ၆ဦးနှင့် မီးဘေးဒုက္ခသည် ၁၈ဝဝကျော်ထိရှိခဲ့ကာ တစ်နှစ်အတွင်း ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ၁၃၆၉၀၄ သန်းခန့်ရှိခဲ့ကြောင်း ရခိုင်ပြည် မီးသတ်ဦးစီးဌာန၏ အချက်လက်များအရ သိရသည်။Western News-WN
Be the first to comment