မင်္ဂလာဒုံမှာ ကား၊ ပိုက်ဆံနဲ့ ဖုန်းကို လုယူသွားတဲ့အပြင် ယာဥ်မောင်းကိုပါ ဓားနဲ့
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ အငှားယာဥ်မောင်းတစ်ဦးကို ဓားနဲ့ထိုးပြီး ကား၊ ပိုက်ဆံနဲ့လက်ကိုင်ဖုန်းတို့ကို လုယူသွားတယ်လို့ စုံစမ်းသိရပါတယ်။ဒီနေ့မတ်လ၁၂ရက်၊ မနက်၅နာရီခွဲဝန်းကျင်က ထောက်ကြန့်ကနေ မင်္ဂလာဒုံဘက်ကို အမျိုးသား၄ဦး ကားငှားစီးလာပြီး ပုလဲမြို့သစ်ဘက်အရောက်မှာ အငှားယာဥ်မောင်းဖြစ်သူကို ဝိုင်းဝန်းထိုးကြိတ်ပြီး လုယူသွားတာ ယာဥ်ပိုင်ရှင်ဖြစ်သူ ကိုဇော်ဇော်က မဲခေါင်သတင်းကိုပြောပါတယ်။
“အနောက်ကတစ်ယောက်က လည်ပင်းကို ကြိုးနဲ့ချည်ပြီးလုတာ။ပေါင်ကိုလည်း ဓားနဲ့ထိုးသွားတယ်။ဝိုင်းပြီးထိုးကြိတ်လို့ ကားသမား သွား၂ချောင်းကျိုးတယ်။မျက်နှာတစ်ခုလုံးလည်း ဖူးရောင်နေတာပေါ့။ပိုက်ဆံ ၄သိန်းကျော်နဲ့ လက်ကိုင်ဖုန်းပါ လုယူသွားတယ်။ပြီးတော့မှ ကားဆရာကို လမ်းဘေးမှာပစ်ချခဲ့ပြီး ကားပါလုပြီးမောင်းသွားတာပါ”လို့ ကိုဇော်ဇော် ပြောပါတယ်။
လုယက်ခံရတဲ့ ယာဥ်မောင်းဖြစ်သူဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး လုယက်သူတွေထဲမှာ ကုလားစင်ပုံစံတစ်ယောက်၊ပိန်ပိန်နဲ့အမျိုးသား၂ဦးနဲ့ ဗလတောင့်တောင့်တစ်ယောက် အမျိုးသားတစ်ယောက် ပါဝင်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။ရန်ကုန်တိုင်းအတွင်းမှာ ကားလုယူပြီး ယာဥ်ပိုင်ရှင်တွေထံ ဖုန်းဆက်ငွေညှစ်တဲ့ အဖွဲ့တွေရှိသလို အငှားယာဥ်မောင်းတွေကို သတ်ဖြတ်ပြီး ကားလုနေတဲ့အဖွဲ့တွေရှိပေမယ့် လိုက်လံဖမ်းဆီးပေးတာတွေ မရှိဘူးလို့ ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။
Be the first to comment