အမရပူရတွင် အသက်(၇၀)ကျော် အဘွားအိုရဲ့နေအိမ် ဓါးပြတိုက်ခံရပြီး…

အမရပူရတွင် အသက်(၇၀)ကျော် အဘွားအိုရဲ့နေအိမ် ဓါးပြတိုက်ခံရပြီး…

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဆောက်တော၀ ကျေးရွာမှာနေထိုင်တဲ့ အသက်(၇၀)ကျော် အဘွားအိုနေအိမ် ဓါးပြအတိုက်ခံရပြီး ကျပ်သိန်း ၇၀၀ကျော်ပါသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြမှုအရ သိရပါတယ်။အဲ့ဒီဆောက်တော၀ကျေးရွာ ဓါးမြတိုက်ခံရမှုဖြစ်စဉ်ဟာ မတ်လ ၁၂ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၇၀)အရွယ် အဘွားဒေါ်လှကြည်နေထိုင်တဲ့နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။ဓါးပြတွေကအိမ်ထဲကိုဝင်လာပြီး အဘွားအိုကို ဖမ်းဆီးချုပ်နှောင်ကာနေအိမ်အတွင်းရှိ ရွှေထည်သိန်း ၇၀၀ဖိုးနီးပါးကိုယူဆောင်သွာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုကလုယက်တာတင် မဟုတ်တော့ဘူး ဓါးပြတိုက်တဲ့အထိတောင်ဖြစ်လာတယ် သိန်း ၇၀၀လောက်ပါသွားတယ်ပြောတယ် ဆောက်တော၀ရွာက လူနေအိမ်ကိုပဲ ဝင်တိုက်သွားတာပါ ဟိုတစ်နေ့ကမှ ဒေါ်တောမုန့်တီဆိုင် ဓါးပြတိုက်ခံရတယ် အခုက ဆောက်တော၀ပြောရရင်လုယက်မှုထက် ဓါးပြတိုက်မှုက ပိုတောင်များလာတယ်လို့ပြောရင်ရတယ် တလောကလည်း မန္တလေးတောင်ဘက်က အိမ်တစ်အိမ် ဓါးပြတိုက်ခံရတယ် ရဲမှူးတစ်ယောက်သေတယ် ကျနော်တို့လေ့လာမိရသလောက်က အခုရက်ပိုင်းမှာ ဓါးပြတိုက်မှုတွေက ပိုစိပ်လာသလိုပါပဲ

တောက်လျှောက်ကြီး ဆက်တိုက်ဖြစ်နေတယယ် လုယက်မှုထက် ဓါးပြတိုက်မှုက ပိုများနေတယ် ဆောက်တော၀ကျေးရွာမှာက တောင်သူတောင်သားတွေရှိတယ် လယ်ယာစိုက်ပျိုးကြတယ် စက်မှုလယ်ယာ မြေတွေဖြစ်တော့ သူတို့လယ်ကနေစိုက်ပျိုးလို့ရတာလေးတွေကို စုဆောင်းထားတာတွေဖြစ်မှာပေါ့ ရွာမှာတာ့လူတွေရှိပါတယ် ပြောရရင်သူကမြို့ထဲမှာတော့မဟုတ်ဘူး မြို့ပြင်မှာရှိတဲ့ရွာ ညဘက်ဆိုရင် လူမရှိတော့ဘူး လူကပြတ်သွားပြီ”လို့ မန္တလေးမြို့ဒေသခံတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။

အခုမတ်လ ၁၂ရက်နေ့မှာ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊(၂၆)လမ်းနှင့်(၂၇)လမ်းကြားအောက်ကမ်းနားလမ်းက ဒေါ်တောမုန့်တီဆိုင်မှာ ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာလည်း မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်၊(၄၄)လမ်းနှင့် (၁၃၆)လမ်းက ညောင်ပင်ကုန်းရွာနေအိမ်တစ်ခုမှာ ဓါးပြတိုက်ခံရပြီး အဲ့ဒီနေအိမ်ကို အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး ပစ်သတ်ခံရကာ ရွှေငွေပစ္စည်းတွေပါသွားခဲ့တဲ့ လုယက်ဓါးပြတိုက်တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေကစလို့ မန္တလေးမြို့မှာ လုယက်မှုဖြစ်စဉ်တွေများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီးလုယက်မှုဖြစ်စဉ်တွေကြောင့် လူထိခိုက်ဒဏ်ရာရမှုနှင့်လူသေဆုံးမှုဖြစ်စဉ်အချို့လည်း ရှိခဲ့တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။“အခုက ဘယ်သွားသွားဘယ်လာလာ ဂရုတစိုက်သွားလာ၊သတိနဲ့နေထိုင် ဒီလိုပဲ ဒေသခံတွေက နေနေရတာပေါ့။လုယက်မှုတွေဆိုရင်လည်း အခုထိမပျောက်သေးဘူး ရှိနေတုန်းပဲ ပိုတောင်များလာတယ်လို့ ပြောရင်ရတယ်”လို့ မန္တလေးမြို့ဒေသခံတစ်ဦးက ဆက်ပြီးပြောပြခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*