ရန်ကုန်၊တာမွေမြို့နယ်မှာ ခရီးသည်ကို Darrနဲ့ထိုးလုယက်ပြီး ကားပေါ်က ပစ်ချထွက်ပြေးတဲ့သူကို ဖမ်းမိ
ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ ကျိုက္ကဆံမှတ်တိုင်ရှေ့မှာ မတ်လ၁၂ရက်နေ့၊ ညပိုင်းက တက္ကစီတစ်စီးပေါ်မှ အမျိုးသားတစ်ဦး ပစ်ချခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ဓားဒဏ်ရာများနဲ့ ကားပေါ်မှ ပစ်ချခံရသူဟာ အသက်၃၀အရွယ် ကိုကျော်ကျော်ထွန်းဆိုသူဖြစ်ပြီး လူမှုကူညီရေးအသင်းယာဉ်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ခဲ့ပေမယ့် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ မတ်လ၁၃ရက်၊ မနက်၁၂နာရီကျော်မှာ သေဆုံးခဲ့ပါတယ်။
“မနေ့ကတော့ လူသတ်တရားခံလို့ ယူဆရတဲ့ ယာဉ်မောင်းကို မိထားတယ် တာမွေ ရဲစခန်းမှာ ဖမ်းထားပြီး စစ်ဆေးနေတယ် ကောင်လေးမှာပါလာတဲ့ ပိုက်ဆံလုရင်းကနေ လူသတ်မှုဖြစ်တာ ငွေကတော့ ၃သိန်းလို့ သိရတယ် ကျန်တာတော့ ထပ်ပြီးစစ်နေတော့ မသိသေးဘူး”လို့ ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ ဗဟန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အဲယားကွန်းလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ကာ ဒေါပုံမြို့နယ်မှ ဗဟန်းမြို့နယ်နေအိမ်သို့ ပြန်လာစဉ် အငှားယာဉ်မောင်းဖြစ်သူက ပိုက်ဆံလုယူကာ ဓားနဲ့ထိုးပြီး လူကို ကားပေါ်မှပစ်ချခဲ့တာ ဖြစ်ပါတယ်။
“သူ့ကိုပစ်ချပြီး ထွက်ပြေးသွားတဲ့ ပရိုဘောက် ကားနောက်မှာ ကားတစ်စီး ပါတယ် အဲ့ကားဆရာက အကူအညီပေးဖို့ ဖုန်းဆက်တာ သွားပြီး ကယ်တဲ့အချိန်မှာ အဝါရောင်တီရှပ်နဲ့ ဘောင်းဘီရှည် ဝတ်ထားတယ် ခန္ဓာကိုယ်အနှံ့မှာ ပွန်းပဲ့ဒဏ်ရာတွေရှိတယ် အလောင်း လာပစ်သွားတာတော့ ည၁၁နာရီကျော်ပြီ”လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
လုယက်ခံရပြီး သေဆုံးသွားသူ အမျိုးသားကို ဒီကနေ့ မတ်လ၁၅ ရက်၊ နေ့လယ်၃ နာရီ ရေဝေးသုဿန်မှာ နာရေးအခမ်းအနား ပြုလုပ်မှာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
Be the first to comment