မန္တလေးတွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ပစ္စည်းနဲ့ငွေများလုယက်ခံရပြီး Darrနဲ့…

မန္တလေးတွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ပစ္စည်းနဲ့ငွေများလုယက်ခံရပြီး Darrနဲ့…

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်မှာ မတ်လ(၁၄)ရက်နေ့ မနက်အစောပိုင်းက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးကို ဓားနဲ့ခုတ်သတ်ပြီး ရွှေထည်ပစ္စည်း၊ငွေသားနဲ့ ဖုန်းတလုံးကို လုယူမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။

ပစ္စည်းလုယက်ခံရပြီး အသတ်ခံခဲ့ရတဲ့အမျိုးသမီးဟာ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြားက နေအိမ်နဲ့ ကုန်စုံဆိုင်တွဲဖွင့်ထားတဲ့ “ရွှေလရောင်”ကုန်စုံဆိုင်ပိုင်ရှင် “ဒေါ်ရီရီလွင်ဆိုသူဖြစ်ပြီး ဓားဒဏ်ရာ ၁၀ချက်နဲ့ နေအိမ်ထဲမှာသေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီအန်တီက မနက် ၅နာရီလောက်မှာ လမ်းလျှောက်နေတယ်လို့ ရပ်ကွက်က ပြောတာပေါ့။ဖြစ်တာကတော့ ၅နာရီနဲ့၅ခွဲလောက်ဖြစ်တာ ဖြစ်နိုင်တယ်။ကျနော်တို့ဆီ သတင်းရောက်တာ ၆နာရီပေါ့။ပစ္စည်းတွေကတော့ သူ့အမရောက်လာတော့ ပြောတာက လက်ဝတ်လက်စားတွေ၊အခန်းထဲလည်း မွှေနှောက်သွားတယ်၊ ကောင်တာမှာလည်း ပိုက်ဆံမရှိတော့ဘူး၊ပိုက်ဆံအိတ်ထဲက ပိုက်ဆံလည်းပါသွားတယ်၊ ဖုန်းပါသွားတယ်လို့ပြောတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အဖွဲ့ဝင်တဦးကပြောပါတယ်။

“ဟုတ်ပါတယ် တာဝန်ရှိသူတွေ သွားစစ်ဆေးချိန် အဲ့ဒီအမျိုးသမီးကို ဓားဒဏ်ရာတွေနဲ့ လဲနေတာတွေ့ပါတယ်၊ အသတ်ခံရတာပါ ၊ တရားခံရဖို့လည်း သက်ဆိုင်ရာက လုပ်နေပါပြီ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးဟာ မျက်နှာကို ဓားခုတ်ခံရတာ ၆ချက်၊ ခေါင်းကို ၁ချက်၊လက်မောင်း ၁ချက်၊ ထိုးသွင်းဒဏ်ရာက ၂ချက် ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့တာကြောင့် သတ်သွားတဲ့သူတွေက ၂ယောက် ဒါမှမဟုတ် ၃ယောက်ဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သုံးသပ်ထားတယ်လို့သိရပါတယ်။

“သူခိုးဆိုတာထက် အနုကြမ်းစီးတဲ့ လက္ခဏာပါပဲ၊ထိုးသွင်းဒဏ်ရာနဲ့ ဓားနဲ့ခုတ်တာ ၁၀ ချက်ရှိတယ်၊ဒီတော့ တယောက်တည်းမဖြစ်နိုင်ဘူး သက်ဆိုင်ရာကလည်း သုံးသပ်ကြတယ်။သတ်သွားတဲ့သူတွေ က ၄၉လမ်းဘက်ကပဲ ထွက်သွားတယ်လို့ ထင်တယ် သွေးစတွေ့ရတယ်”လို့ ထပ်မံပြောပါတယ်။

လက်ရှိ အသတ်ခံရတဲ့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးဟာ နေအိမ်မှာ ၁ယောက်တည်း နေထိုင်တာဖြစ်လို့ လုယက်သူတွေဟာ စောင့်ကြည့်ပြီး လုယက်သွားတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။အသတ်ခံရသူရဲ့ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးမှတ်တမ်းရယူပြီး သေဆုံးသူရဲ့ အမအရင်းနေထိုင်ရာ ပုသိမ်ကြီးမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*