မွန်ပြည်နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲကို ယခုနှစ်တွင် မကျင်းပဟုထုတ်ပြန်

မွန်ပြည်နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲကို ယခုနှစ်တွင် မကျင်းပ

မွန်ပြည်နယ်၊သံဖြူဇရပ်က ကျိုက်နဲရေလယ်ဘုရားပွဲကို ယခုနှစ်တွင် မကျင်းပတော့ဘူးလို့ စေတီတော်ရဲ့ ဂေါပကအဖွဲ့က ထုတ်ပြန်ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာရဲ့အကြား ပင်လယ်ကမ်းခြေမှ ၁မိုင်၆ဖာလုံခန့်အကွာ ပင်လယ်ပြင်အတွင်းမှာတည်ရှိပြီး နှစ်စဥ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်ကျော် (၂၊၃)ရက်နေ့တွင် ဘုရားပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။

ကျိုက်နဲရေလယ်ဘုရားရဲ့ ထူးခြားချက်မှာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့တွင် ကမ်းခြေမှဘုရားအထိ လမ်းလျှောက်သွားနိုင်တဲ့ ကျောက်တန်းလမ်း၊ ဒေသခံများအခေါ် နတ်လမ်းတစ်ခုမှာ ပင်လယ်ဒီရေအကျတွင် ပေါ်လာတတ်ပြီး အနီးအဝေးမှ ဘုရားဖူးများက အဲ့အချိန်တွင် အများဆုံးလာ ရောက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့က ကျင်းပခဲ့တဲ့ ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက်ဖူးမျှော်ကြတဲ့ ဘုရားဖူးများဟာ ပင်လယ်ထဲကိုမြောပါပြီး ရဟန်း(၁)ပါးအပါအဝင် ကျား(၁၁)ဦး၊မ(၁၄)ဦးတို့ ပျောက်ဆုံး/သေဆုံးမှုတို့ ဖြစ်ပွားခဲ့ပါတယ်။

ဘုရားပွဲတော်ကို ယခုနှစ်(၂၀၂၂)မှာတော့ မကျင်းပတော့ဘဲ လာမဲ့နိုဝင်ဘာလ (၆)ရက်နေ့၊တန်ဆောင်မုန်းလဆန်း (၁၄)ရက် အဖိတ်နေ့နှင့် နိုဝင်ဘာလ(၇)ရက်၊တန်ဆောင်မုန်းလပြည့်နေ့တွင် ပဌာန်းတရားတော်ပူဇော်ပွဲနှင့် ဆွမ်းတော်တင်ပွဲကိုသာ အကျဉ်းချုံးပြီး ကျင်းပမယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ကျိုက်နဲရေလယ်ဘုရားသို့ သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ကလေး သူငယ်များ သွားရောက်ဖူးမျှော်ခြင်းမပြုရန် တားမြစ်ထားပြီး ဘုရားဖူးပြည်သူတွေအနေနဲ့ သွားရောက်ဖူးမျှော်ချင်တယ်ဆိုရင်ဖြင့်

သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊စေတီဂေါပကအဖွဲ့ဝင်များထံ ကြိုတင်သတင်းပို့ပြီး ၄င်းတို့၏ အကြို/အပို့အစီအစဉ်ဖြင့်သာ သွားရောက်နိုင်ပြီး အသက်ကယ်အင်္ကျီ (Life Jacket)ဝတ်ဆင်ကာ စက်လှေဖြင့်သာ သွားရောက်ဖူးမျှော်ကြရန် သတ်မှတ်ချက်များ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*