ဦးပိန်တံတားရဲ့ သစ်သားတိုင်များ အက်ကွဲကျိုးကျခါနီးဖြစ်နေတဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့နေ

ဦးပိန်တံတားရဲ့ သစ်သားတိုင်များ အက်ကွဲကျိုးကျခါနီးဖြစ်နေတဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့နေ

“တောင်သမန်တံတား (ဦးပိန်တံတား)”ဟူ၍ အဖိုးတန်ကမ္ဘာကျော်တံတားအရှည် ၃၉၆၇ပေရှိပြီး အခန်းပေါင်း ၄၈၂ခန်းရှိကာ ရေလယ်ဇရပ်တိုင်များအပါအဝင် တိုင်ပေါင်း ၁၀၈၆တိုင်၊ ရေကြီးချိန် ဖောင်များ၊ လှေများ ဖြတ်သန်းဖို့ ဖောင်ကြောင်း ကိုးကြောင်းပါသည့် သစ်သားတံတားကြီးက လွန်ခဲ့သောနှစ်ပေါင်း ၁၆၈နှစ်ကတည်းက သွားရေးလာရေးအတွက် အဆင်ပြေ ချောမွေ့စေသလို ယခုအခါမှာတော့ ကမ္ဘာကျော်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ခဲ့ပါပြီ။

ဦးပိန်တံတားရဲ့ လက်ရှိအနေအထားဆိုတဲ့ သစ်သားတံတားတိုင်များ ကွဲအက်၍ကျိုးပြတ်ကာနီး အခြေအနေ ဓာတ်ပုံများ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။အဆိုပါ ဓာတ်ပုံကို အောက်တိုဘာလ (၃၁)ရက်နေ့မှာ U Arrseinna Zwebarkonetan အမည်ရတဲ့ ရဟန်းတပါး အကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး ပုံနဲ့အတူ စာများကိုလည်း ရေးသားမျှဝေထားပါတယ်။

“အိန္ဒိယတံတားအဖြစ်ကြည့်ပြီး နောက်လာမယ့် နေ့ကြီးရက်ကြီးတွေမှာလည်း သတိထားကြပါ လပြည့်နေ့ဆိုလည်း ဘုရားပေါ် ပြည့်ကြပ်နေတာမျိုး ရှောင်ပါ နှလုံးမကောင်းတဲ့သူတွေ အသက်ရူကြပ်တာ ဦးပိန်တံတားပေါ် အုပ်လိုက်ကြီးသွားတာ ဒကာမတစ်ယောက်ရိုက်ထားတာ အောက်ခြေမှာ ဒီလိုတွေဖြစ်နေတာမို့ သတိထားကြပါ အသွားမတော်တစ်လှမ်း ဖြစ်မှာစိုးလို့ပါ”ဆိုပြီးရေးသားထားတာပါ။

ပို့စ်ရဲ့ ကွန်မန့်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတဦးက အက်ကွဲနေတဲ့ တခြားတိုင်တခုရဲ့ ပုံကိုတင်ထားကာ“ရေမကျခင် ပြီးခဲ့တဲ့လလောက်တည်းက ဇရပ်နားက အဲ့တစ်တိုင်ဆို ဟတောင်ဟနေပြီ”ဆိုပြီး ထပ်လောင်းရေးသား မျှဝေခဲ့တာပဲဖြစ်ပါတယ်။အခုလာမယ့် တနင်္လာနေ့ (၇-၁၁-၂၀၂၂)ရက်နေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် ဦးပိန်တံတားလို အထင်ကရ နေရာတွေမှာ လူအများအပြား လာရောက်ကြမှာ ဖြစ်ပါတယ်။

အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ပုံတွေအတိုင်းသာ အပြင်မှာ တကယ်ဖြစ်နေရင်တော့ ဦးပိန်တံတားကို လာရောက်ကြမယ့်သူတွေအတွက် အထူး စိုးရိမ်စရာ ဖြစ်နေပါတယ်။မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ ကိုရီးယားဖြစ်စဉ်၊ အိန္ဒိယတံတားပြတ်ကျမှု ဖြစ်စဉ်တွေကဲ့သို့ အဖြစ်ဆိုးမျိုးတွေ မဖြစ်လာစေဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ စစ်ဆေးဖို့ သင့်ပါတယ်။ပရိသတ်ကြီးတို့လည်း သွားသတိ လာသတိအမြဲရှိကြပါလို့ မှာချင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*