လူငယ်ဗေဒင်လက္ခဏာပညာရှင် လင်းညို့တာရာ ပြန်လွတ်ပြီ

လူငယ်ဗေဒင်လက္ခဏာပညာရှင် လင်းညို့တာရာ ပြန်လွတ်ပြီ

လူငယ်ဗေဒင်လက္ခဏာပညာရှင် ဟိန်းမင်းအောင်(လင်းညို့တာရာ) ဟာဖမ်းဆီးခံရပြီး (၁)နှစ်နဲ့(၉)လအကြာ ဒီကနေ့ နိုဝင်ဘာလ(၄)ရက်နေ့မှာ အင်းစိန်အကျဥ်းထောင်မှ ပြန်လွတ်လာပြီလို့ သူနဲ့နီးစပ်သူဆီက သိရှိရပါတယ်။ယနေ့နံနက်(၁၁)နာရီခန့်က လင်းညို့တာရာ(ခ)လင်းမြွေနှင့် တွဲပြီးရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လင်းညို့တာရာနှင့် နီးစပ်သူတစ်ဦးကလည်း ပြန်လည်လွတ်မြောက်ကြောင်း သူရဲ့လူမှုကွန်ရက်ပေါ်မှာမျှဝေထားပါတယ်။

“လင်းညို့တာရာ ပြန်လွတ်လာပါပြီနော် ဒီနေ့မနက်ပဲ ပျော်လွန်းလို့ ခြေလက်တွေပါ တုန်တယ်”ဟုရေးသားဖော်ပြထားပါတယ်။လင်းညို့တာရာကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညပိုင်းမှာ ဖယောင်းတိုင်မီးထွန်းတာကြောင့် တောင်ဥက္ကလာပရှိ သူရဲ့နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်မှာတော့ ပြစ်ဒဏ်(၂)နှစ် သတ်မှတ်နိုင်တဲ့ ပုဒ်မ(၅၀၅-ခ)နဲ့ တရားစွဲဆိုခဲ့ပါတယ်။

လင်းညို့တာရာဟာ (၂၀၂၁)ခုနှစ်‌မှာ “ဆတ်ဆတ်အထိမခံသော အစိုးရ ပေါ်ပေါက်မည်၊ နာမည်ကြီး ဆရာတော်ကြီး ပျံလွန်တော်မူမည်” စတဲ့ဟောကိန်းတွေကို ဟောကြားခဲ့တာပဲ ဖြစ်ပါတယ်။အဲဒီနောက် အာဏာသိမ်းမှု ဖြစ်ပေါ်ခြင်းနဲ့ ပျဉ်းမနားမြို့ နိုင်ငံတော် သြဝါဒစရိယ ဈေးကုန်းဆရာတော်ကြီး ရဟတ်ယာဉ်ပျက်ကျပြီး ပျံလွန်တော်မှုတွေနဲ့ တိုက်ဆိုင်နေတာကြောင့် သူ့ရဲ့ဟောကိန်းတွေက အင်မတန်ကို နာမည်ကြီးခဲ့ပါတယ်။

“ကျနော် ထောင်ကနေ လွတ်လာတော့ ပထမဆုံးအနေနဲ့ ဝမ်းသာမိတယ် နောက်ပြီး ကျန်းမာရေးလည်း ကောင်းပါတယ် ထောင်ထဲမှာကတော့ ထောင်သဘောအတိုင်းပဲ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေတော့ လုပ်ပေးတာရှိပါတယ် အပြင်လိုတော့ လွတ်လွတ်လပ်လပ် ဘယ်ဟုတ်မလဲဗျာ”ဆိုပြီး လင်းညို့တာရာက RFA ကိုပြောကြားခဲ့ပါတယ်။အောက်တိုဘာလ (၂၈)ရက်နေ့ကလည်း အဆိုတော်ပိုပို၊ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းနဲ့ ဒါရိုက်တာမိုက်တီးတို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*