ကမ်းခြေမှာ အပန်းဖြေသူများ သတိထားနိုင်စေဖို့တွက်(ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်စရာအဖြစ်ဆိုး)

ကမ်းခြေမှာ အပန်းဖြေသူများ သတိထားနိုင်စေဖို့တွက် (ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်စရာအဖြစ်ဆိုး)

ချောင်းသာ၊ ငွေဆောင်အစရှိတဲ့ ပင်လယ်ကမ်းခြေမှာအပန်းဖြေ၊ရေကူး၊လှိုင်းခုန်၊လှိုင်းစီးပြီး ပျော်ရွှင်စိတ်ချမ်းသာမှု ရယူကြရန်ဖြစ်သော်လည်း အထူးသတိထားကြရမည်မှာ အန္တရာယ်ကင်းရှင်းဘို့ပါပဲနော်။ပြောချင်တာအခုမှစတယ် ချောင်းသာကမ်းခြေလဲ ရေဆွဲတယ်နော်။အောင်တို့ ၃ရက်နေတာ နောက်ဆုံးရက်မှာဖြစ်တာ ရေကူးတိုင်း ဘောကွင်းပါတယ် ကလေးကလဲ ဘောကွင်းပါတယ် သူကိုဖက်ပြီး ရေအမြဲကူးတာပဲ ကလေးလဲ အမြဲပါတာမို့ အောက်ခြေပင်လယ်ကြမ်းပြင်နဲ့ ခြေထောက်နဲ့ထိတဲ့နေရာမှာပဲ အမြဲနေတာ

အရင်ရက်တွေက လှိုင်းတချက်ပုတ်တိုင်း ကမ်းခြေဘက်ပဲ လူကပါသွားတာ အဲ့နေ့က ရေကူးရင်းခြေထောက်က သတိထားမိတယ် အရင်ရက်တွေကဆို ပင်လယ်အောက်ခြေသဲမြေက မာတင်းတင်းလေး ရေဆွဲခံရတဲ့နေ့က သဲကမွနေပြီး လှုပ်လှုပ်လှုပ်လှုပ်နဲ့နေတာ အောက်ခြေသဲမြေက ကျွံကျနေသလိုမျိုးခံစားချက်ပဲ ဒါပေမယ့် ချောင်းသာမှာ ဒါမျိုးမရှိတာတကြောင်း ကိုယ်တိုင်လဲ ရောက်နေတာ အခေါက်ပေါင်းများစွာရှိပြီး မကြုံဖူးတာတကြောင်းမို့ ပုံမှန်အတိုင်းပဲ ရေဆက်ကူးနေတာပဲ

ဒါပေမယ့် လှိုင်းတခါပုတ်တိုင်း ကမ်းခြေဘက်မရောက်ပဲ ပင်လယ်ဘက် ပါပါသွားတာ လှိုင်းတချက်ပုတ် ပင်လယ်ထဲ ၃ပေလောက်တခါပါနောက်တခါလှိုင်းပုတ် ပင်လယ်ဘက် ၃ပေပါနဲ့ လှိုင်း၄ခါလောက်အပုတ်မှာ အောင်တို့သားအမိပဲ ဟိုးအစွန်ဘက်ရောက်နေပြီ ရေဆွဲတာကို သတိထားမိကြသူတွေလဲရှိတယ် အဲ့လူတချို့ကလဲ ရေဆွဲတယ် ရေဆွဲတယ်နဲ့ ကမ်းပေါ် ပြေးတက်သူတက်ပေါ့ အောင်လဲ ကမ်းခြေဘက်ပြန်ကူးတာပဲ ဒါပေမယ့် ကမ်းခြေဘက် ပြန်မရောက်ဘူး

တချို့လူတွေကလဲ စိတ်ပူလို့ အောင်တို့ဘက်ကို ကူးလာကြပြီ အရေးပေါ်အကူအညီပေးရအောင်ပေါ့ အဲ့အချိန်မှာ မေမေနဲ့လဲလူစုကွဲပြီ မေမေကလဲအော်ခေါ်ပေါ့ သူလဲရေဆွဲခံရတယ် ကောင်လေးတယောက် လာဆွဲခေါ်ပေးတယ်ပြောတယ် ဟိုမှာအန်တီသမီးနဲ့ မြေးလေးကျန်သေးတယ်သူ့တို့ကိုလဲ ဆွဲခေါ်ပေးပါအုန်းနဲ့ မေမေကလဲ အော်ခေါ်နေတာပေါ့ အဲ့အချိန်မှာ အောင်လဲ ရေဆွဲခံရပြီဆိုတာသိလိုက်ပြီ ပထမတော့ ကလေးကြောက်မှာဆိုးလို့ (ဘောကွင်းတော့ ကိုယ်စီပါတယ်)

ကိုယ့်ဘာသာကိုယ် လက်ကယက် ခြေကခပ်နဲ့ကြိတ်ကူးနေတာ နောက်ဆုံးမရနိုင်တော့မှ လက်လျှော့ပြီး လှမ်းကြည့်နေကြတဲ့ သူအချို့ကို လာဆွဲခေါ်ဖို့ အကူအညီတောင်းရတော့တယ် အုပ်စုထဲက တယောက်က လာဆွဲခေါ်ပေးတယ် မြေကြီးနဲ့ ခြေထောက်ထိတဲ့နေရာရောက်မှ လူလဲသက်ပြင်းချနိုင်တော့တယ်(***လာဆွဲခေါ်ပေးတဲ့သူကိုလဲ ကျေးဇူးအထူးတင်မိပါတယ်***)ထူပူနေတာနဲ့ ဆွဲခေါ်ပေးတဲ့သူ ဖြူသလားမဲသလား ဘယ်အရွယ်မှန်းတောင် သတိမထားမိလိုက်ပါဘူး ကျေးဇူးတင်စကား တမန်းကတန်းပြောပြီး ကမ်းပေါ်ပြေးတက်လာမိတာ

အခုလိုပြောပြတာ သတိထားမိအောင်လို့ပါ ချောင်းသာမှာ အေးဆေးပဲဆိုပြီး ပေါ့ပေါ့လေးနေမိမှာစိုးလို့ပါ ချောင်းသာလဲ အခန့်မသင့်ရင် ရေဆွဲခံရတယ် ကလေးငယ်တွေနဲ့ကူးသူတွေ သတိလေးထားပြီးကူးကြပါလို့ စေတနာအရင်းခံပြီး ပြောချင်ပါတယ်ရှင်။Edit:ကယ်သူတွေက ဘယ်လိုကယ်လဲ သူတို့လဲ မလှမ်းမကမ်းမှာ ရေကူးနေကြသူတွေပါပဲ ကမ်းခြေနဲ့ မျဥ်းပြိုင်အနေအထားအတိုင်း လက်ပစ်ကူးပြီး ဘောကွင်းကို လာဆွဲပေးတာပါ ရေဆွဲတာကို သိလိုက်တဲ့အချိန်နဲ့ လာကူဆွဲခေါ်ပေးတဲ့အချိန်က (၅)မိနစ်လောက်သာ ကြာပါတယ်

ဘောကွင်းပါတာတကြောင်း သတိထားမိတာတကြောင်းကြောင့် လာကူညီသူ မြန်ဆန်တာတကြောင်းကြောင့် အန္တရာယ်မရှိခဲ့တာပါရှင် ဒီအကြောင်းကို တင်မယ်မတင်ဘူးနဲ့ နောက်ဆုံးတော့ လူတွေသိထားရင် ရေကူးတဲ့အခါ ပိုပြီးသတိလေးထားလို့ ရအောင်လို့ပါ ကိုယ်တွေလို ကလေးနဲ့အတူ အမြဲကူးသူတွေအတွက် စိတ်ပူလို့ပါရှင်။

ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ကမ်းခြေများကို အနားယူအပန်းဖြေဘို့အတွက်လာခြင်းဖြစ်၍သတိဝိရိယများနဲ့ ရေထဲဆင်းပြီး ပင်လယ်တို့ရဲ့မာယာ ပင်လယ်တို့ရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘဝဖြစ်စဥ်တို့ကို အနည်းအကျဥ်းသိထားရင် သတိတရားဖြင့် ပင်လယ်ကမ်းခြေမှာ ပျော်ရွှင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်…

Be the first to comment

Leave a comment

Your email address will not be published.


*