အဆောင်လက်ဖွဲ့ ဝတ်တတ် ဆောင်တတ်သူများ ဒီစာလေးဖတ်ကြည့်ပါ

အဆောင်လက်ဖွဲ့ ဝတ်တတ် ဆောင်တတ်သူများ ဒီစာလေးဖတ်ကြည့်ပါ

တတ်နိုင်သမျှ မဆောင်တာ မဝတ်တာကောင်းတဲ့ ယနေ့ခေတ် အဆောင်လက်ဖွဲ့ဆိုတာ အခုနောက်ပိုင်း လူတွေရဲ့လက်မှာ လက်ဖွဲ့လေးတွေ ဝတ်ထားကြတယ်။ အန္တရာယ်ကင်းစေတယ်။ ကံပွင့် လာဘ်ပွင့် စန်းပွင့်စေတယ်ဆိုပြီး ဝတ်ထားကြတာပေါ့။ အဆောင်လက်ဖွဲ့ ဆောင်ထားဝတ်ထားသူက ဆရာဖြစ်သူရဲ့ပြောစကားကို ယုံကြည်အောင်၊ နားထောင်အောင်၊ သူကတောင်းဆိုတာကို ပေးအောင် လိုက်လျောအောင်လို့ အစီအရင်လုပ်ပြီး ပေးဝေကြတာက များပါတယ်။

နွားကို နဖားကြိုး ထိုးပေးလိုက်သလိုပေါ့။ဒါကြောင့် အဆောင် လက်ဖွဲ့ဆိုတာ တတ်နိုင်သမျှ မဆောင်တာ မဝတ်တာကောင်းတယ်။ အဆောင်လက်ဖွဲ့တချို့က မသန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ စီရင်ထားကြတယ်။ အလောင်းကောင်ရဲ့ ခြေမလက်မမှာ ချည်ထားတဲ့ အပ်ချည်ကြိုး စတာတွေနဲ့ လုပ်ထားကြတယ်။တချို့က အလကားနေ အထင်ကြီးပြီး အဆောင်လက်ဖွဲ့တောင်းလွန်းလို့ အနားက ရှိတဲ့ပစ္စည်းကို အဆောင် လက်ဖွဲ့ဆိုပြီး ပေးလိုက်ကြတယ်။ ငယ်သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တစ်ယောက်က ကိုရင်ဝတ်တယ်။ ကျောင်းထိုင်ဘုန်းကြီး ဖြစ်သွားတယ်။

တစ်ယောက်က တပ်ထဲ ဝင်သွားတယ်။ ရှေ့တန်းသွားခါနီး သူ့သူငယ်ချင်းဘုန်းကြီးဆီကို အဆောင်လက်ဖွဲ့သွားတောင်းတယ်။“ရော့ ဒီဟာကို လည်ပင်းမှာ ဆွဲထား။ လုံးဝ ဖွင့်မကြည့်ရဘူး။ ဖွင့်ကြည့်လိုက်ရင် အစွမ်းပျက်ပြယ်သွားမယ်” လို့ မှာလိုက်တယ်။ အဆောင်အားကိုးနဲ့ ငါမတေဘူးဆိုပြီး ရွပ်ရွပ်ချွံချွံ စစ်တိုက်တယ်။

သူ့စစ်ကြောင်း အကုန်တေတယ်။ သူတစ်ယောက်ထဲပဲ အသက်ရှင်ကျန်ခဲ့တယ်။ စုံခုံဖွဲ့စစ်ခံရတယ်။ ဘာမှ မှားတာ ရှာမတွေ့ဘူး။ စစ်ဆေးရေးပြီးတော့ ဗိုလ်မှူးကြီးက သူ့ကို သီးသန့်ခေါ်ပြီး သူ့လည်ပင်းမှာ ဆွဲထားတဲ့ အဆောင်ကို တောင်းယူပြီး ဖွင့်ကြည့်တယ်။လက်ဖွဲ့ထဲမှာ ရေးထားတဲ့ စာက “မင်းတေရင် မင်းမိန်းမကို ငါ ယူမယ်” တဲ့။ မိုးသု (မန္တလေး)

Be the first to comment

Leave a comment

Your email address will not be published.


*